ကလေးမွေးဖွားပြီးနောက်စိတ်ကျခြင်း (Post-Partum Depression)
21-Nov-2020ကလေးမွေးဖွားပြီးနောက်စိတ်ကျခြင်း (Post-Partum
Depression)
(၁) ဘာကြောင့်ဖြစ်တာလဲ
·
အမျိုးသမီးတစ်ယောက်ဟာ ကလေးမီးဖွားပြီးတဲ့အချိန်မှာ
ကိုယ်ဝန်ဆောင်စဉ်က မြင့်တက်နေခဲ့တဲ့ ဟော်မုန်းတွေက ရုတ်တရက်ဆိုသလို ကျဆင်းသွားပါတယ်။
·
အဲဒီလို ရုတ်တရက်ဟော်မုန်းအပြောင်းအလဲကြောင့်
ကလေးမီးဖွားပြီး မကြာခင် ရက်ပိုင်းမှာ “ စိတ်ကျခြင်း ” ဆိုတဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။
·
ဒီပြဿနာဟာ မီးဖွားပြီး အမျိုးသမီးအများစုမှာ
ဖြစ်လေ့ရှိသော်လည်း ကြာချိန်နှစ်ပတ်ထက်ကျော်လာပြီဆိုရင်တော့ ဆရာဝန်နှင့် သေချာပြသတိုင်ပင်သင့်ပါတယ်။
(၂) မီးဖွားပြီးနောက်စိတ်ကျခြင်းရဲ့ လက္ခဏာတွေကတော့
·
စိတ်အတက်အကျမြန်ခြင်း
·
မကြာခဏ ငိုကြွေးခြင်း၊ ဝမ်းနည်းနေခြင်း
·
ကလေးနှင့်ပတ်သက်၍ စိုးရိမ်ကြီးခြင်း
(သို့မဟုတ်) ကလေးကို လစ်လျူရှု့ခြင်း
·
မိသားစုဝင်၊ သူငယ်ချင်းများကို
ရှောင်ဖယ်ခြင်း
·
ခံတွင်းပျက်နေခြင်း (သို့)
ပုံမှန်ထက်ပိုစားနေခြင်း
·
အိပ်မပျော်ခြင်း (သို့) ပုံမှန်ထက်ပိုအိပ်နေခြင်း
·
အင်အားမရှိသလို ခံစားရခြင်း၊
နုံးနေခြင်း
·
ဒေါသကြီးလာခြင်း
·
မိမိကိုယ်ကို မိခင်ကောင်းတစ်ယောက်မဖြစ်မှာ
စိုးကြောက်နေခြင်း
·
မိမိကိုယ်ကို အပြစ်တင်ခြင်း
·
မိခင်ဟာ ကိုယ့်ကိုကိုယ်(သို့)
ကလေးကို အန္တရာယ်ပြုခြင်း (သို့) အန္တရာယ်ပြုရန်အတွေးများ တွေးမိနေခြင်း
·
မိခင်ဟာ ကိုယ့်ကိုယ်ကို သတ်သေချင်သည့်
အတွေးများတွေးမိနေခြင်းစတဲ့ လက္ခဏာတွေဘဲ ဖြစ်ပါတယ်။
(၃) ဘယ်လိုမိခင်တွေမှာ စိတ်ကျခြင်းဖြစ်ဖို့အခွင့်အလမ်းများတာလဲ
·
မိခင်ဟာ ကိုယ်ဝန်ဆောင်စဉ်
(သို့) ကိုယ်ဝန်မဆောင်ခင် ကာလတွေမှာ စိတ်ကျဝေဒနာခံစားခဲ့ဖူးခြင်း
·
ကိုယ်ဝန်ဆောင်စဉ် မကျန်းမာခြင်း
·
မွေးကင်းစကလေးမကျန်းမာခြင်း
·
မိခင်နို့တိုက်ကျွေးမှုမှာ
အခက်အခဲရှိခြင်း
·
မီးဖွားပြီးစမိခင်ကို ကူညီဖေးမမည့်မိသားစုဝင်၊
အသိုင်းအဝိုင်းမရှိခြင်း
·
ငွေကြေးအခက်အခဲရှိခြင်း
·
မမျှော်လင့်ဘဲရသော ကိုယ်ဝန်
(သို့) မလိုချင်ဘဲရသော ကိုယ်ဝန်ဖြစ်နေခြင်း
·
အိမ်ထောင်ရေးပြဿနာရှိနေခြင်း
စတဲ့ အချက်တွေဟာ မိခင်စိတ်ကျရောဂါဖြစ်ဖို့ အခွင့်အလမ်းများစေပါတယ်။
(၄) ဘယ်လိုကုသလို့ရနိုင်မလဲ
·
မိခင်ဟာ မီးဖွားပြီး စိတ်ကျဝေဒနာခံစားနေရပြီဆိုတာ
ကိုယ့်ကိုကိုယ်သိရင် မိသားစုဝင်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်သင့်ပါတယ်။
·
မိခင်ဟာ ကိုယ့်ကိုကိုယ် သတိမထားမိဘူးဆိုရင်လည်း
မိသားစုဝင်တွေက သိနေပြီဆိုရင် သေချာရှင်းပြပေးပြီး ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
·
ကုသနည်းတွေကတော့ မိခင်ကို စိတ်ခံစားမှုပြန်လည်ကောင်းမွန်လာအောင်
ဖေးမထောက်ပံ့ပေးရတာပါ။ ဒါကို Psychotherapy စိတ်ဖြင့်ကုသမှုပေးခြင်းလို့လည်း ခေါ်ပါတယ်။
ဒီနေရာမှာ ဆရာဝန်သာမက မိသားစုဝင်တွေ ဆွေမျိုးတွေကပါ ပါဝင်ကူညီပေးဖို့လိုအပ်ပါတယ်။ မိခင်ကို
အားပေးနှစ်သိမ့်တာ၊ သူ့ရဲ့အခက်အခဲတွေကို ဝိုင်းဝန်းကူညီပေးတာ၊ စိတ်ဓာတ်ကျစရာအတွေးတွေရှိနေတဲ့အခါ
အဲဒီအတွေးတွေဟာ အမှန်တကယ်မဟုတ်တဲ့အကြောင်း သေချာနားလည်အောင် ရှင်းပြပေးတာမျိုးတွေ လုပ်ဆောင်ရမှာ
ဖြစ်ပါတယ်။
·
လိုအပ်မယ်ဆိုရင်
Psychotherapy သာမက ဆရာဝန်မှ စိတ်ဓာတ်ကျခြင်းကို သက်သာလျော့ပါးစေတဲ့ ဆေးဝါးတွေပေးပြီး
ကုသလို့ရနိုင်ပါတယ်။
·
မီးဖွားပြီးစိတ်ဓာတ်ကျခြင်းဝေဒနာကို
စောစောသိရှိပြီး စောစောကုသမှုခံယူခြင်းက များစွာထိရောက်မှုရှိပါတယ်။
(၅) ဘယ်လိုကြိုတင်ပြင်ဆင်သင့်သလဲ
·
မိခင်လောင်းအနေနှင့် ဒီလိုမီးဖွားပြီးစိတ်ကျခြင်းဝေဒနာဟာ
ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတာကို သေချာစွာနားလည်ထားမည်ဆိုလျှင် မိမိကိုယ်တိုင် တွေ့ကြုံလာရပြီဆိုတဲ့
အခြေအနေမှာ လက္ခဏာတွေဟာ ဆိုးဆိုးရွားရွား ဖြစ်လာစရာ မရှိတော့ပါဘူး
·
စိတ်ဖိစီးမှုလျှော့ချပေးနိုင်တဲ့
ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများလုပ်ခြင်း၊ သီချင်နားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊
မိသားစုနှင့်သိုက်သိုက်ဝန်းဝန်းနေထိုင်ခြင်း၊ မိမိရင်သွေးနှင့် ကြည်နူးဖွယ်အချိန်အခိုက်အတန့်လေးများဖြစ်အောင်
ဖန်တီးခြင်းတို့ဟာ မီးဖွားပြီး မိခင်တို့အတွက် များစွာအကျိုးကျေးဇူးရရှိစေပါတယ်။
Credit: Dr.Hsu