ခရမ်းလွန်ရောင်ခြည်နှင့် အရေပြားကင်ဆာ
19-Sep-2018
အရေပြားမှာဖြစ်တဲ့ ကင်ဆာတွေကိုအကြမ်းအားဖြင့်သုံးမျိုးခွဲထားပါတယ်။ သုံးမျိုးစလုံးဟာလည်း အရေပြားရဲ့အပေါ်လွှာ (Epidermis)မှာပဲဇာတ်လမ်းစဖြစ်ကြတာချည်းပါပဲ။ SCC လို့အတိုကောက်ခေါ်တဲ့ (Squamous cell Carcinoma)ကင်ဆာကတော့ အရေပြားအပေါ်လွှာကာရာတီနိုဆိုက်(Keratinocytes) ကလပ်စည်းတွေမှာဖြစ်တာပါ။
ဒုတိယအမျိုးအစားကတော့ BCC (Basal cell Carcinoma) ကင်ဆာအမျိုးအစားပါ။ နောက်ဆုံး အမျိုးအစားကတော့ မှဲ့ကင်ဆာပါ။ မယ်လာနိုဆိုက် (Melanocyte)ကလာပ်စည်းတွေကနေဖြစ်တဲ့ကင်ဆာပါ။ ခြုံပြောရရင် သုံးမျိုးစလုံးဟာ နေရောင်ခြည်ရဲ့ပယောဂကြောင့် အဓိကဖြစ်ရတာပါ။ကင်ဆာကတော့ နေရဲ့အပူရှိန်ကြောင့်မဟုတ်ပဲ နေရောင်ခြည်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်ရတာပါ။
တိတိကျကျဆိုခရမ်းလွန်ရောင်ခြည် ဘီကြောင့်ဖြစ်ရတာပါ။ နေ့လယ်ပိုင်း(နံနက် ၁၁နာရီကနေ ညနေ၃နာရီအတွင်းမှာ) ဒီရောင်ခြည်ဘီတွေ မြေပြင်ကို အများအပြားဆင်းလာတာမို့ အဲ့ဒီအချိန်တွေမှာ ရှောင်ကြ၊ တိမ်းကြ၊ ကွယ်ကြလုပ်ဖို့လိုပါတယ်။
တကယ်တော့ ခရမ်းလွန်ရောင်ခြည်စီဟာ ကြောက်စရာအကောင်းဆုံးပါ။ ဒါပေမဲ့ ဝေဟင်ထဲက အိုဇုန်းလွှာကြီးက ထီးလိုမိုးပြီး စုပ်ယူထားသောကြောင့် မြေပြင်ကိုရောက်မလာပါဘူး။ မြေပြင်ကို အများဆုံးဆင်းလာတာက ခရမ်းလွန်ရောင်ခြည်အေတွေပါ။
ဘီစီစီ(BCC) ဆိုတဲ့ ကင်ဆာဟာ တကယ်တော့ အရေပြားကင်ဆာတွေထဲမှာ အဖြစ်အများဆုံးပါ။ လူလတ်ပိုင်းနဲ့ ဇရာအိုတွေရဲ့နေအထိများတဲ့ နှာခေါင်းဝန်းကျင်၊ မျက်စိဝန်းကျင်နဲ့နားထင်တစ်ဝိုက်မှာ အတွေ့များတဲ့မှဲ့လို အကျိတ်အဖုတွေပါ။ ဒီကင်ဆာအမျိုးအစားက အရေပြားရဲ့အောက်ကိုလိုက်စားပြီး ဘေးကိုလည်းတဖြေးဖြေးပျံ့သွားတာပါ။ အခြားကိုယ်တွင်းအင်္ဂါတွေဆီကို လုံး၀ ပျံ့မသွားပါဘူး။
SCC အရေပြားကင်ဆာကလည်း နေထိချက်များတဲ့နေရာတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီတော့ နေထိတဲ့ အရေပြား(လက်ဖမိုး၊ လက်ဖျံ၊ မျက်နှာ)စသဖြင့်တွေမှာ ပေါ်လာတဲ့နာတာရှည်ဖုအပြင် အနာတွေဟာ ကင်ဆာမသင်္ကာစရာပါ။SCC ကင်ဆာက BCCကင်ဆာနဲ့မတူပဲ ထူးခြားတာကတော့ တခြားနေရာတေါကိုသွေးကတစ်ဆင့် ပျံ့နှံ့သွားနိုင်တာပါပဲ။
တကယ်တော့ မှဲ့တစ်လုံးဟာ ရုတ်တရက် အရွယ်ကြီးလာရင်၊ အရောင်အသွေးလည်း တသွေးတသားတည်း မဟုတ်တော့ပဲပြောင်းလာရင် ဒါမှမဟုတ် အလိုလိုနေရင်း သွေးစိမ့်တာ၊ ယားတာဖြစ်လာရင် မှဲ့ကင်ဆာမသင်္ကာစရာတွေလားဆိုပြီး ဆရာဝန်တွေနဲ့ပြသသင့်ပါတယ်။
နေရောင်ခြည်နဲ့ကြိမ်ဖန်များစွာ ထိတွေ့ပြီးမှသာ အရေပြားကင်ဆာဆိုတာဖြစ်ရတာပါ။ အရေပြားကင်ဆာ ဖြစ်ရတဲ့အကြောင်းရင်းမြောက်မြားစွာထဲမှ နေရောင်ခြည်ဟာ အဓိကတရားခံပါ။ ကင်ဆာ ဖြစ်စေတဲ့ အခြားအကြောင်းတွေကတော့ ဓာတ်ရောင်ခြည်သင့်တာ၊ ဆေးလိပ်သောက်တာ၊ စက်ရုံ၊ အလုပ်ရုံကကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်းတွေထိတွေ့မိတာ၊ နာတာရှည်မီးလောင်ဒဏ်ရာရှိတာ၊ အစားအသောက်နဲ့ဆေးထဲမှာ အာဆင်းနစ်ဆိုတဲ့စိန်ဖြူဓာတ်ပါတာ၊ ကိုယ်ခံအားကျတာ၊ လိင်ကြွက်နို့ ဗိုင်းရပ်စ်ကူးစက်တာ၊ မျိုးရိုးဗီဇမှာ ကင်ဆာရှိခဲ့တာ စတဲ့အချက်တွေပါ။
Credit: ဒေါက်တာကျော်ကျော်(အရေပြားအထူးကုဆရာဝနကြီး)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
