ခွေးရူးပြန်ရောဂါအကြောင်းသိကောင်းစရာ
23-Dec-2017ခွေးရူးပြန်ရောဂါဟာ ရောဂါပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါဖြစ်ပြီး လူနဲ့ တခြားနို့တိုက်သတ္တဝါတွေမှာ ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ အစောပိုင်းရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်းနဲ့ ရောဂါပိုးထိတွေ့ဝင်ရောက်တဲ့နေရာမှာ ယားယံမှုကို ခံစားရခြင်းတို့ပဲ ဖြစ်ပါတယ်။ အဆိုပါရောဂါလက္ခဏာတွေကို ခံစားရပြီဆိုရင် ဒေါသထွက်လွယ်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ရေကိုကြောက်ရွံ့ခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ မလှုပ်ရှားနိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနဲ့ သတိလစ်ခြင်း စတဲ့လက္ခဏာရပ်တွေ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်။ အထက်ပါရောဂါလက္ခဏာတွေကို ကြုံတွေ့နေရပြီဆိုရင် အသက်ဆုံးရှုံးနိုင်ခြေများပါတယ်။
အများအားဖြင့် ရောဂါစတင်ဝင်ရောက်ချိန်နဲ့ ရောဂါလက္ခဏာစပြတဲ့အချိန်ဟာ ၁ လအထိ ကွာခြားတတ်ပါတယ်။ ရောဂါအစပျိူးချိန်ဟာ ၁ လမှ ၃ လအထိ ကွာခြားတတ်ပါတယ်။ ရောဂါအစပျိုးချိန်ဟာ တစ်ပတ်အတွင်းလည်း ကြာတတ်သလို တစ်နှစ်ကျော်အထိလည်း ကြာသွားနိုင်ပါတယ်။ ရောဂါပိုးဝင်ရောက်ရာနေရာကနေ ဦးနှောက်အာရုံဆီကို သွားရောက်ရမယ့် အကွာအဝေးပေါ်မှာမူတည်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ Iyssaviruses ကြောင့် ဖြစ်ပွားတတ်ပြီးတော့ rabies virus နဲ့ Australian bat virus တွေကလည်း Iyssaviruses မျိုးနွယ်ဝင်တွေဖြစ်ပါတယ်။
ခွေးရူးပြန်ရောဂါဟာ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တစ်ကောင်မှ တခြားလူ (သို့) တိရစ္ဆာန်တစ်ကောင်သို့ ကုတ်ခြင်း၊ ကိုက်ခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ မျက်စိ၊ ပါးစပ် သို့မဟုတ် နှာခေါင်းအတွင်းသို့ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ရဲ့ သွားရည်ဝင်ရောက်ခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ခွေးမှတဆင့် အများဆုံးကူးစက်နိုင်ပြီး ၉၉ ရာခိုင်နှုန်းလောက်ဟာ ခွေးကိုက်ခံရပြီး ကူးစက်တာကိုတွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ လင်းနို့မှတစ်ဆင့် ကူးစက်တဲ့ဖြစ်စဉ်တွေ အများဆုံးတွေ့ရပြီး ခွေးကိုက်ခံရပြီး ကူးစက်တဲ့ဖြစ်စဉ်ဟာ ၅ ရာခိုင်နှုန်းထက် လျော့နည်းတာတွေ့ရပါတယ်။ ခွေးတွေ၊ လင်းနို့တွေနဲ့ နီးကပ်စွာ အလုပ်လုပ်ရတဲ့အခါ၊ ရောဂါအဖြစ်များတဲ့ နေရာတွေကိုသွားရောက်တဲ့အခါ ဖြစ်နိုင်ခြေများပါတယ်။
အစောပိုင်းမှာ ဖျားတာ၊ ခေါင်းကိုက်တာတွေကနေစပြီး ဦးနှောက်နှင့် ဦးနှောက်အမြှေးပါးရောင်ခြင်းအထိ ဖြစ်သွားစေနိုင်ပါတယ်။ ကြွက်သားတွေအားနည်းတာ၊ အကြောက်လွန်တာ၊ အိပ်မပျော်တာ၊ စိတ်ရှုပ်ထွေးတာ၊ ရင်တုန်တာ၊ သံသယစိတ်လွန်ကဲတာ၊ ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ကယောက်ကတမ်းဖြစ်တာနဲ့ သတိလစ်မေ့မြောတာတွေ ဖြစ်ပွားနိုင်ပါတယ်။ အဓိကလက္ခဏာတွေကတော့ ရေကြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါလက္ခဏာဖြစ်ပေါ်ပြီးရင် ၂ ရက်ကနေ ၁၀ ရက်အတွင်း သေဆုံးနိုင်ခြေများပါတယ်။
ကူးစက်ခံရသူဟာ ရောဂါလက္ခဏာ ဆိုးရွားတဲ့အခြေအနေမှာ ရေမျိုချဖို့ခက်ခဲတာကြောင့် ရေသောက်ရမှာကို ကြောက်လန့်ပြီး ရေငတ်ပြေအောင်မလုပ်နိုင်ပါဘူး။ ကူးစက်ခံရတဲ့ ဘယ်လိုနို့တိုက်သတ္တဝါမဆို ရေကြောက်တဲ့ရောဂါ လက္ခဏာကို ကြံုတွေ့ရတတ်ပါတယ်။ သွားရည်အများအပြားထွက်ပြီး ရေသောက်ရင် လည်ပင်းအတွင်းကြွက်သားတွေ အလွန်နာကျင်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ ခွေးရူးပြန်ရောဂါကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းမှာ ရေကြောက်တဲ့ရောဂါလက္ခဏာရပ်ကို မြင်တွေ့ရပြီး ၂၀ ရာခိုင်နှုန်း ကြွက်သားတွေ အားနည်းတာ၊ ကြွက်သားသေတာ၊ အထိအတွေ့ခံစားမှုပျောက်ဆုံးတာတွေတို့ ဖြစ်စေနိုင်ပါတယ်။
လူအပါအဝင် သွေးနွေးသတ္တဝါများသာမက ကျောရိုးရှိတဲ့ သွေးအေးသတ္တဝါတွေမှာလည်း ရှင်သန်နိုင်ပါတယ်။ ထို့ကြောင့် တိရစ္ဆာန်အားလုံးနီးပါးမှတစ်ဆင့် လူတွေဆီကိုကူးစက်နိုင်ပါတယ်။ များသောအားဖြင့် လင်းနို့၊ မျောက်၊ ရက်ကွန်းဝံ၊ မြေခွေး၊ ဖျံ၊ ကျွဲနွား၊ ဝံပုလွေ၊ ခွေးနှင့်ကြောင်တို့က လူကိုကူးစက်နိုင်တဲ့ အနီးစပ်ဆုံး တိရစ္ဆာန်တွေ ဖြစ်ကြပါတယ်။ ခွေးရူးပြန်ရောဂါဟာ ဝက်ဝံ၊ ဝက်၊ အသားစားငှက်၊ ယုန်၊ ရှဉ့်နှင့် ကြွက်မျိုးနွယ်တွေမှလည်း ကူးစက်နိုင်ပြီး ဖြစ်နိုင်ခြေတော့ နည်းပါတယ်။
ရောဂါပိုးဟာ ကူးစက်ရတဲ့ တိရစ္ဆာန်ရဲ့ အာရုံကြောနှင့် သွားရည်ထဲမှာ အမြဲလိုလိုရှိနေပါတယ်။ အဲဒါကြောင့် ရောဂါရှိတဲ့ တိရစ္ဆာန်တွေရဲ့ အကိုက်ခံရခြင်းကနေတစ်ဆင့် ကူးစက်ခံရတတ်ပါတယ်။ လူလူချင်းကူးစက်နိုင်ခြေ အလွန်နည်းပါတယ်။ ဒါပေမဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသတဲ့ဖြစ်စဉ်တွေကို မှတ်တမ်းပြုချက်အရ မျက်ကြည်လွှာ အစားထိုးကုသမှုခံယူသူ ရှစ်ဦးနှင့် အခြားကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုခံယူသူ သုံးဦးမှာ ရောဂါပိုးကူးစက်ခံရတာကို တွေ့ရပါတယ်။
ရောဂါဖြစ်ပွားသူကို ထိတွေ့ခြင်း၊ ရောဂါဖြစ်ပွားသူရဲ့ ရောဂါပိုးပါဝင်တဲ့ ဆီး၊ သွေးနှင့် မစင်တို့ကို ထိတွေ့မိခြင်းမှ မကူးစက်နိုင်ပါဘူး။ ခွေးရူးပြန်ရောဂါပိုးဟာ အမျိုးသားတွေရဲ့ သုက်ရည်နှင့် အမျိုးသမီးအင်္ဂါမှ ထွက်တဲ့အရည်မှာ ရှိနေနိုင်တဲ့အတွက် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဥပမာအားဖြင့် ခွေးရူးကိုက်ခံရတဲ့ လူတစ်ယောက်မှာ ရောဂါပိုးဟာ အပြင်ပိုင်းအာရုံကြောအတွင်းကို စတင်ဝင်ရောက်ပါတယ်။ ပြီးမှ အတွင်းပိုင်းအာရုံကြောတွေကို ဆက်လက်ဝင်ရောက်တာ ဖြစ်ပါတယ်။
ထိုအချိန်အတွင်းမှာ ရောဂါပိုးကို အလွယ်တကူမတွေ့နိုင်ပါဘူး။ ဒါပေမဲ့ ရောဂါလက္ခဏာတွေ မဖြစ်ပေါ်အောင် ကာကွယ်ဆေးနဲ့ ကုသလို့ရနိုင်ပါတယ်။ ရောဂါပိုးဟာ ဦးနှောက်ကိုရောက်ရှိတဲ့ အခါမှာတော့ ဦနှောက်အမြှေးရောင်ခြင်းကိုဖြစ်စေပြီး ရောဂါလက္ခဏာတွေ စတင်ဖြစ်ပွားစေပါတယ်။ လူနာမှာ ရောဂါလက္ခဏာတစ်ခု စတင်တွေ့ရှိပြီဆိုလျှင် ကုသမှုဟာထိရောက်မှုမရှိတော့ဘဲ အသက်ဆုံးရှုံးနိုင်ခြေ ၉၉ ရာခိုင်နှုန်းရှိပါတယ်။ အဲဒါကြောင့် ရောဂါပိုးကူးစက်ခံရတယ်လို့ သံသယရှိတဲ့ တိရစ္ဆာန်အကိုက်ခံရတာနဲ့ အချိန်မီကာကွယ်ဆေးထိုးကြဖို့ အကြံပြုအပ်ပါတယ်။
အောက်ပါအချက်တွေကို လိုက်နာခြင်းဟာ ရောဂါဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။
• ခွေး၊ ကြောင်နဲ့အိမ်မွေးတိရစ္ဆာန်တွေကို ခွေးရူးပြန်ကာကွယ်ဆေးထိုးပါ။
• အိမ်မွေးတိရစ္ဆာန်တွေကို စနစ်တကျ ထိန်းသိမ်းပါ။
• တောရိုင်းတိရစ္ဆာန်တွေကိုလည်း ကိုင်တွယ်ခြင်းမပြုရ။
• သံသယရှိဖွယ် တောရိုင်းတိရစ္ဆာန်တွေကိုတွေ့ရင် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနသို့ အမြန်ဆုံးအကြောင်းကြားပါ။
• တိရစ္ဆာန်အကိုက်ခံရရင် အနာအား၊ ရေ၊ ဆပ်ပြာနဲ့ ၁၀ မိနစ် ဒါမှမဟုတ် ၁၅ မိနစ်ခန့်ကြာအောင် စနစ်တကျ ဆေးကြောပြီး လိုအပ်ရင် ကာကွယ်ဆေးထိုးဖို့ နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြီး ကုသမှုခံယူပါ။
စက်တင်ဘာလ ၂၈ ရက်နေဟာ ကမ္ဘာ့ခွေးရူးပြန်ရောဂါတိုက်ဖျက်ရေးနေ့ဖြစ်ပြီး အသိပညာပေးဟောပြောခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ကြပါတယ်။
ခွေးရူးကိုက်ခံရပြီးတဲ့နောက်မှာ နည်းလမ်းမှန်ကန်စွာ ကာကွယ်ဆေးနဲ့ကုသတာဟာ ရောဂါမဖြစ်ပွားစေဖို့ ထိရောက်စွာကာကွယ်ပေးပါတယ်။ ယေဘုယအားဖြင့် ခြောက်ရက်အတွင်းကုသမှုခံယူပါ။ ခွေးကိုက်ခံရပါက ပထမအကြိမ်ကာကွယ်ဆေးထိုးတဲ့ရက်မှ ၃ ရက်၊ ရ ရက်နဲ့ ၁၄ ရက်မြောက်နေ့တွေမှာမပျက်မကွက် ကာကွယ်ဆေးထိုးထားသူတွေက immunoglobin ထိုးရန်မလိုအပ်တော့တဲ့အတွက်ကြောင့် ပထမအကြိမ်နဲ့ သုံးရက်မြောက် နှစ်ကြိမ်သာလျှင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။
ကြွက်သားထဲကို ထိုးရတဲ့ကာကွယ်ဆေးကို လက်မောင်းကြွက်သားမှာထိုးပါ။ တင်ပါးကြွက်သားကိုထိုးတာက အဆီတွင်းကို ရောက်နိုင်ခြေများတာကြောင့် ကာကွယ်ဆေးမအောင်မြင်တာမျိုး ဖြစ်တတ်ပါတယ်။ ကလေးငယ်တွေကို ပေါင်အပြင်ဘက် ကြွက်သားကို ကာကွယ်ဆေးထိုးဖို့ ညွှန်ကြားတတ်ကြပါတယ်။ မိမိတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စနစ်တကျ ကာကွယ်ဆေးထိုးကြဖို့နဲ့ မိမိတို့ကိုယ်တိုင် ခွေးရူးပြန်ရောဂါရှိတယ်လို့ သံသယရှိတဲ့ ခွေးကိုက်ခံရမယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အချိန်မီသွားရောက်ကုသမှုခံယူကြဖို့ အကြံပြုအပ်ပါတယ်။
Credit: ဒေါက်တာဟန်ဦးနိုင်