ဂျပန်ဦးနှောက်ရောင်ရောဂါ
12-Feb-2019JEV ဂျပန်ဦးနှောက်ရောင်ရောဂါ လို့ပြောနေကြတာ
ဘာရောဂါလဲ။ JE ဆိုတာ Japannese Encephalitis ရောဂါကို ပြောတာကွဲ့။ ခြင်က တစ်ဆင့် လူကိုကူးစက်ပြီး
လူရဲ့ ဦးနှောက်ကိုရောဂါပိုး ဝင်စေတဲ့ ရောဂါဖြစ်တယ်။ JEV လို့ခေါ်တဲ့ Japannese
Encephalitis Virus။ JEV ဗိုင်းရပ်စ်သည် Flavi ဗိုင်းရပ်စ်မျိုးစုထဲတွင် ပါဝင်ပြီး
အဆိုပါအုပ်စုဝင် ဗိုင်းရပ်စ်အချို့သည် မြင်းများမှာရောဂါ ပြင်ထန်စွာ ဖြစ်ပွားတက်သည်။
ဤအုပ်စုတွင် လူကိုရောဂါကျရောက်စေနိုင်သော ဗိုင်းရပ်စ် လေးမျိုးရှိသည်။ West Nile Virus လည်းပါသည်။
မွေးမြူရေးတိရစ္ဆာန်များဖြစ်ကြသည့် ဝက်များနှင့်တောရိုင်းငှက်များသည်
JE ဗိုင်းရပ်စ်ကို သိုလှောင်ထားသော တိရစ္ဆာန်များဖြစ်ကြသည်။ လူကိုကူးစက်ပါက ပြင်းထန်ဆိုးဝါးသော
ရောဂါလက္ခဏာများကို ဖြစ်စေသည်။ လူကို ရောဂါလက္ခဏာ ကူးစက်အောင် ဖြန့်ဖြူးပေးသည့်ခြင်များမှာ
Culex Tritaeniorhynchus နှင့် Culex Vishnui တို့ဖြစ်ကြသည်။ ဤရောဂါကို အရှေ့တောင်အာရှ၊
တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများမှာ အများဆုံး တွေရသည်။
ရောဂါလက္ခဏာများ
ရောဂါအစပျိုးချိန်မှာ ၂ရက်မှ ၁၅ရက် အထိ ကြာမြင့်သည်။
အများစုသည်ရောဂါပိုးဝင်ရောက်သော်လည်း ရောဂါလက္ခဏာမပြကြောင်း တွေ့ရသည်။ ရောဂါပိုးဝင်သွားသူ
၂၅၀ အနက် တစ်ယောက်သာ ဦးနှောက်ရောင်သည့် အခြေအနေသို့ ရောက်လာတတ်သည်။
လူတွင် ရောဂါစတင်ဖြစ်ပွားသောအခါ ချမ်း၍ ခိုက်ခိုက်တုန်ဖြစ်မှု
ဆိုးဝါးပြင်ထန်သည်။ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းတို့ကိုလည်း
တွေ့ရမည်။ ထိုလက္ခဏာများသည် ၁ရက်မှ ၆ရက် အထိကြာမြင့်သည်။ ဦးနှောက်ရောင်သော အဆင့်သို့
ရုတ်တရက် ကျရောက်သောအခါ လည်ပင်း တောင့်တင်းခြင်း၊ ဇက်ခိုင်ခြင်း၊ ကြွက်သားများ ကြုံလှီခြင်း၊
ခန္ဓာကိုယ် တစ်ခြမ်းရှိ ကြွက်သားများ အားပျော့ခြင်း၊ အကြောဆွဲ၍ တက်ခြင်း၊ ခန္ဓာကိုယ်အပူချိန်သည်
၃၈ - ၄၁ ံC (၁၀၀. ၄- ၁၀၅. ၈ ံF) အထိ မြင့်၍တက်ခြင်း၊
စိတ်ပိုင်းဆိုင်ရာ သတိချွတ်ယွင်းခြင်းတို့ ဖြစ်လာမည်။
ကလေးများတွင် သေဆုံးမှုမြင့်မား၏။ ကိုယ်ဝန်ဆောင်မိခင်မှ
သန္ဓေသားသို့ အချင်းမှ တစ်ဆင့် ရောဂါပျံ့နှံံ့တတ်၏။ ဦးနှောက်အာရုံကြော အဖွဲ့ထိခိုက်သည့်
လက္ခဏာများကို တစ်သက်တာလုံးခံစားရတတ်သည်။ ယင်းတို့မှာ နားမကြားရခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊
ခန္ဓာကိုယ်တစ်ခြမ်း အားပျော့ကြုံလှီခြင်းတို့ ဖြစ်သည်။ အချို့ကလေးများတွင် ပျို့အန်ခြင်း၊
ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ အော့အန်ခြင်းနှင့် ဝှေးစေ့များ ရောင်ရမ်းခြင်းတို့ကို
တွေ့ရသည်။
တိရစ္ဆာန်များတွင် JE ရောဂါဖြစ်ပွားပါက အဓိကရောဂါလက္ခဏာအနေနှင့်
ဝက်များ၌မျိုးမအောင်ခြင်းနှင့် သားပျက်သားလျှောခြင်း၊ မြင်းများ၌ အာရုံကြောရောဂါလက္ခဏာများ၊
အဖျားတက်ခြင်း၊ မလှုပ်ရှားလိုခြင်း၊ အစားမစားခြင်းတို့ကိုတွေ့ ရမည်။
ရောဂါဖြစ်ပွားရခြင်းအကြောင်းအရင်း
Japanese Encephalitis Virus (JEV) ကြောင့်ဖြစ်ရသည်။
ခြင်မှတစ်ဆင့် လူကို ကူးစက်သည်။
ရောဂါရှာဖွေစမ်းသပ်ပုံ
JE Virus အတွက် Antibodies ကို သွေးထဲမှ
လည်းကောင်း၊ ခါးရိုးထဲမှ တစ်ဆင့်ဖောက်ယူရသော ဆစ်ကြားအရည် ထဲမှလည်းကောင်း ရှာဖွေစမ်းသပ်ခြင်း
ဖြစ်သည်။ ရောဂါလက္ခဏာစတင်ပေါ်ပြီး သုံးရက်မှ ရှစ်ရက်အတွင်း JE ရောဂါအတွက် Antibodies
များကို ရှာဖွေတွေ့ရှိနိင်သည်။
ကာကွယ်ခြင်း
JE ရောဂါ ကျရောက်ပြီးပြန်ကောင်းလာလျှင် တစ်သက်တာကိုယ်ခံအားရသည်ဟု
ဆိုကြသည်။ ယခု လတ်တလောအချိန်တွင် ကာကွယ်ဆေး ၃ မျိုးရနေပြီဖြစ်သည်။ ကာကွယ်ဆေးထိုးပြီးနောက်
ဖြစ်ပွားတတ်သည့်ဆိုးကျိုးများအနက် တွေ့ရသည့် လက္ခဏာများမှာ ဆေးထိုးသည့်နေရာတွင် နီရဲခြင်းနှင့်
နာကျင်ခြင်းတို့ ဖြစ်သည်။ ဆေးထိုးပြီး လေးရက်ကြာမှ အင်ပျဉ်ထခြင်းကို သိပ်မတွေ့ရပေ။
ကုထုံး
JE ရောဂါအတွက် တိကျသောကုထုံးမရှိပေ။ အာဟာရပြည့်ဝအောင်
အားဆေးနှင့် အာဟာရများ သွင်းပေးခြင်းသာရှိသည်။ အစာစားနိုင်အောင်၊ အသက်ရှူရလွယ်ကူအောင်၊
အကြောဆွဲသည့်အခါ သက်သာအောင် ကူညီပေးခြင်းများ ရှိပါသည်။ JE ရောဂါသည် လူမှလူ သို့ကူးစက်ခြင်း
မရှိပေ။ ရောဂါပျိုးရက်သည် ၅ရက် မှ ၁၅ရက်အထိဖြစ်သည်။ ရောဂါကူးစက်ခံရသူ ၂၅၀ ဦးတွင် တစ်ဦးသာ
ရောဂါလက္ခဏာပြတတ်ပြီး ကျန်သူများတွင် သာမန် တုပ်ကွေးကဲ့သို့ လက္ခဏာ ပြတတ်သည်။
ရောဂါဖြစ်ပွားသော
ဒေသများ
အာရှတိုက်တွင် JE ရောဂါဖြစ်ပွားမှုသည် နှစ်စဉ် ၇၀၀၀၀ အထိရှိတတ်သည်။ ရောဂါဖြစ်ပွားသော လူဦးရေနှင့် ယင်းတို့၏ အသက်အရွယ်အပေါ်မှုတည်ပြီး လူနာတို့၏သေဆုံးနှုန်းသည် ဝ.၃% မှ ၆၀%အထိရှိသည်။ အမေရိကတွင် ထိုရောဂါဖြစ်ပွားမှုမရှိသလောက်ပင် ဖြစ်သည်။
JE ရောဂါဖြစ်ပွားသော နိုင်ငံများတွင်ကျေးလက်ဒေသမှာ
နေထိုင်သောသူများ၌ အဖြစ်များ၏။ မြို့ပြဒေသတွင် ခြင်လုံဆန်ကာနှင့် နေထိုင်သူများ၌ တွေ့ရခဲပါသည်။
ရောဂါစတင်ဖြစ်ပွားစဉ်က အကြီးအကျယ်ဖြစ်ခဲ့သော်လည်း
ကာကွယ်ဆေးထိုးခြင်းနှင့် ထိန်းချုပ်နိုင်ခဲ့သောနိုင်ငံများမှာ တရုတ်နိုင်ငံ၊ တောင်ကိုရီးယား၊
ဂျပန်၊ ထိုင်ဝမ်နှင့် ထိုင်းနိုုင်ငံတို့ဖြစ်ကြသည်။ ယခုထက်တိုင် ရောဂါဖြစ်ပွားလေ့ရှိသော
နိုင်ငံများမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနှင့် မလေးရှားနိုင်ငံတွင်
ပါဝင်ကြသည်။
JE သည် လူများတွင်အသက်အရွယ်မရွေး ရောဂါဖြစ်ပွားနိုင်သော်လည်း
အဓိကအားဖြင့် ကလေးများ၌ ပိုမိုဖြစ်ပွားလေ့ရှိသည်။ အသက် ၁၅ နှစ်အောက် ကလေးများတွင် အများဆုံးဖြစ်ပွားတတ်သောကြောင့်
ကျန်းမာရေးဝန်ကြီးဌာနက အသက် ၁၅ နှစ်အောက် ကလေးများကို ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားပါသည်။
Credit :
ဒေါက်တာ ခင်စန်းမော်
(No.132,
January 2018)
Health
for All