စီပိုး ကူးစက်ခံရသူဘယ်လောက်များနေပြီလဲ
27-Nov-2019အသည်းရောင်အသားဝါ
စီပိုး၊ ကူးစက်ခံရသူတွေ ဘယ်လောက်တောင် များပြားနေပါပြီလဲ ဆရာ။
တစ်ကမ္ဘာလုံးမှာ အသည်းရောင်
အသားဝါ စီပိုးကူးစက်ခံရသူပေါင်း ၇၁ သန်းရှိတယ်။ တစ်နှစ်ကို လူဦးရေ ၁ ဒသမ ၇၅ သန်းလောက်က
လူနာအသစ်ထပ်မံကူးစက်ခံနေရတယ်။ ဆရာတို့ရဲ့ အရှေ့တောင်အာရှမှာ ၁၀ သန်းနီးပါးလောက်က ကူးစက်ခံနေရပါတယ်။
ကျန်းမာရေးလုပ်ငန်းတွေမှာ ကူးစက်မှုမဖြစ်အောင် စိတ်ချရတဲ့ ကာကွယ်တဲ့နည်းစနစ်တွေ အားနည်းတာရယ်၊
မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဆေးထိုးအပ်ကို တစ်ယောက်နဲ့ တစ်ယောက် မျှဝေသုံးစွဲတာတွေကြောင့်
ကူးစက်ခံနေရတယ်။
အသည်းရောင် အသားဝါ စီပိုးက
ရောဂါရှိတဲ့သူဆီကနေ ရောဂါမရှိတဲ့သူကို ကူးစက်တယ်။ ကာကွယ်ဆေးမရှိသေးတာကြောင့် ကူးစက်နိုင်တဲ့နည်းလမ်းတွေကို
သိရှိပြီး မကူးအောင် ကာကွယ်ဖို့ လိုပါတယ်။ တချို့တွေက ကျန်းမာရေးဗဟုသုတနည်းတာနဲ့၊ နောက်တစ်ခုက
မရှောင်လွှဲနိုင်တဲ့ အကြောင်းတွေကြောင့် ကူးစက်ခံရတာတွေ ရှိပါတယ်။ စီပိုး ကူးစက်သွားပြီဆိုရင်
အဲဒီကနေ နောက်ဆက်တွဲအနေနဲ့ နာတာရှည်အသည်းရောင်ဖြစ်မယ်၊ အသည်းခြောက်မယ် အသည်းကင်ဆာဖြစ်မယ်၊
အဲဒီလိုမျိုး အသည်းကင်ဆာအထိဖြစ်လာရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ အဲဒီလို မဖြစ်အောင်ဆိုရင်
စီပိုးကို ပျောက်အောင် ကုသဖို့လိုပါတယ်။
စီပိုးကုသရေးနဲ့ပတ်သက်ပြီး
နောက်ဆုံးပေါ် ကုသရေးအပြောင်းအလဲတွေကိုလည်း ရှင်းပြပေးပါဆရာ။
ကံအားလျော်စွာပဲ ၂၀၁၂ - ၂၀၁၃ ခုနှစ်လောက်ကစပြီး စီပိုးကုသရေးမှာ
အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ အရင်ကဆို စီပိုးကုသတဲ့အခါ ထိုးဆေးနဲ့ သောက်ဆေးတွဲပြီး
ခြောက်လ၊ တစ်နှစ်လောက် ကုသရပါတယ်။ပျောက်ကင်းမှုကလည်း ၅၀ - ၆၀ ရာခိုင်နှုန်းပဲ
ရှိတော့ ကုသမှုက သိပ်မအောင်မြင်ဘူးပေါ့။
ယခုဆိုရင် ထိုးဆေးမပါတော့ဘူး။ သောက်ဆေးကို သုံးလလောက်ပဲ သောက်ရတယ်။ ပျောက်ကင်းနှုန်းကလည်း
အယောက် ၁၀၀ မှာ ၉၀ - ၉၅ ယောက်လောက်အထိပျောက်ကင်းလာတယ်။ ပျောက်ကင်းနှုန်းအားကောင်းလာတာကြောင့် စီပိုးရှိသူတွေ
အားလုံးကို ကုသမှုခံယူစေချင်ပါတယ်။ အရင်က ထိုးဆေးတွေနဲ့ ကုသရတဲ့အခါ သိန်း ၂၀၀
- ၃၀၀ လောက် အကုန်ခံပြီး ကုရတာကြောင့် အများစုက မကုသနိုင်ကြဘူး။ အခုဆိုရင်
သောက်ဆေးတွေက ဈေးအတော်သက်သာသွားတယ်။ တစ်လကို ငါးသိန်းနဲ့ သုံးလ ၁၅ သိန်းလောက်ပဲ ကုန်တော့တယ်။
ဈေးလည်းသက်သာလာတယ်။ ကုသမှုစနစ်လည်း အောင်မြင်လာတယ်။ အဲဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
စီပိုးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလာတယ်။
အသည်းရောင်
အသားဝါ ကုသရေးအတွက် မြန်မာနိုင်ငံမှာကော ဘယ်လိုချမှတ်လုပ်ဆောင်နေပါသလဲ ဆရာ။
အသည်းရောင် အသားဝါ ဘီပိုး၊
စီပိုး ကုသတဲ့အခါ လိုအပ်တဲ့ Guideline တွေကို ချမှတ်ရပါတယ်။ ကာကွယ်ဖို့အတွက်လည်း
နည်းလမ်းတွေကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆုံးဖြတ်ချက်ချရပါတယ်။ တစ်ကမ္ဘာလုံးမှာ ပိုးကူးစက်နေသူတွေ
ဘယ်လောက်ရှိလဲ၊ ရောဂါရဲ့ အတိမ်အနက်က ဘယ်လောက်ကြီးမားလဲ၊ စတာတွေကို လေ့လာဖို့၊ သုတေသနတွေလုပ်ဖို့၊
အဓိကက ဆေးထိုးတာကနေ ပိုးကူးစက်တာတွေ အတော်များများကို လျှော့ချနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
စည်းကမ်းချက်တွေ ချမှတ်လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ကမ္ဘာ့ကျန်းမာရေးညီလာခံက ဆုံးဖြတ်ချက်
စပြီး ချမှတ်တယ်။ ၂၀၁၁ ခုနှစ်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ အသည်းရောင် အသားဝါကုသရေးစီမံချက်
ရေးဆွဲခဲ့တယ်။
၂၀၁၄ ခုနှစ်မှာ အသည်းရောင်
အသားဝါ ဘီပိုး၊ စီပိုး၊ ကုသရေးလမ်းညွှန်ချက် Guideline တွေ ရေးဆွဲခဲ့ပါတယ်။
ဒီလိုရေးဆွဲခဲ့ပြီးတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ထဲမှာပါတဲ့ နိုင်ငံတိုင်းကို ညွှန်ကြားချက်တွေ
ပေးပါတယ်။ ထိန်းချုပ်ရေးစီမံချက်တွေ လုပ်ဆောင်ရမယ်၊ ကိုယ့်နိုင်ငံအလိုက် ကုသရေး နည်းစနစ်
Guideline တွေရေးဆွဲဖို့ ညွှန်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံထဲမှာ
ပါဝင်တာကြောင့် သူတို့ရဲ့ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်က
၂၀၃၀ ပြည့်နှစ်မှာ အသည်းရောင်အသားဝါရောဂါက ကျန်းမာရေးပြဿနာကြီးတစ်ခုအနေနဲ့ ရှိမနေဘဲ
ပပျောက်သွားအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ တစ်နိုင်ငံလုံး လွှမ်းခြုံမှုရှိတဲ့
ကျန်းမာရေးစနစ်ကို အသုံးပြုပြီးတော့ အသည်းရောင် အသားဝါရောဂါကို ကာကွယ်ဖို့ တားဆီးဖို့
စီမံချက်တွေ ချတဲ့ပါတယ်။
ဆရာတို့နိုင်ငံက ဘာစလုပ်လဲဆိုတော့
ပြည်သူလူထုကို ကျန်းမာရေးအသိပညာပေးတွေ စလုပ်ပါတယ်။ ဘီပိုးက ကာကွယ်ဆေးထိုးလို့ရတယ်၊
စီပိုးက ကုသလို့ရတယ်။ ရောဂါတွေကို စစ်ဆေးမှသာ သိရှိရမယ်။ စစ်ဆေးပြီးတဲ့အခါ ကုသမယ်ဆိုရင်
နောက်ဆက်တွဲဖြစ်တဲ့ အသည်းခြောက်တာ၊ အသည်းကင်ဆာတွေ မဖြစ်တော့ဘူး။ ဒါတွေ မဖြစ်တော့ရင်
နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို တားဆီးပြီးသားဖြစ်သွားပါတယ်။ ဒါတွေကို သိရှိအောင်
ပညာပေးလှုံ့ဆော်တာတွေ ပြုလုပ်ပါတယ်။
ဆရာတို့ရဲ့ အစာအိမ်၊ အူလမ်းကြောင်းနဲ့
အသည်းအဖွဲ့ကနေ ဘီပိုးကုသမှုနဲ့ ပတ်သက်တဲ့ Guideline ကို ၂၀၁၃ ခုနှစ်မှာ
ဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ စီပိုးကုသမှု Guideline ကို ဆွဲခဲ့ပါတယ်။
အဲဒီ Guideline ကို အခြေခံပြီး ကုသတဲ့အခါမှာ လွယ်ကူပြီး ရှင်းလင်းစေပါတယ်။
ဝေးလံခေါင်ဖျားတဲ့ဒေသမှာပါ ကုသနိုင်အောင် မြို့နယ်ဆရာဝန်၊ တိုက်နယ် ဆရာဝန်အထိ ကုသနိုင်အောင်
နောက်ထပ် Guideline တစ်ခုကို ၂၀၁၅ ခုနှစ်မှာ ထပ်မံရေးဆွဲခဲ့ပါတယ်။
ရေးဆွဲပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို တင်ပြပါတယ်။ သူတို့ဆီကလည်း အတည်ပြုချက်ရရှိပြီးပါပြီ။
အခု ဒီ Guideline နဲ့ပဲ စီပိုးကို ကုသနေပါတယ်။ ၂၀၁၅ ခုနှစ်ဇွန်မှာ
ပြုလုပ်ခဲ့တဲ့ ညီလာခံကနေ ကျွမ်းကျင်မှုဆိုင်ရာ ပညာရှင်အလိုက် ရောဂါကုသတဲ့အပိုင်း၊ ရောဂါကာကွယ်တဲ့အပိုင်းတွေကို
အဖွဲ့ငယ်လေးတွေဖွဲ့စည်းခဲ့ပါတယ်။ ဆရာတို့ကို ကူညီပေးတာကတော့ WHO နဲ့ ကုသသမဂ္ဂအေဂျင်စီတွေအတော်များများကလည်း ကူညီပေးခဲ့ပါတယ်။ အသည်းဖောင်ဒေးရှင်းကလည်း
NGO တစ်ခုအနေနဲ့ ကူညီပေးပါတယ်။ CHAI – Clinton Health Access
Initiative က Guideline ရေးဆွဲရာမှာ၊ အသည်းရောင်အသားဝါစီမံချက်တွေ
ရေးဆွဲရာမှာ ပညာရပ်ပိုင်းဆိုင်ရာတွေမှာ အတော်လေးကူညီပေးခဲ့ပါတယ်။ ဆရာတို့က
WHO ရဲ့ ညွှန်ကြားချက်အတိုင်း သွားပါမယ်။
မြန်မာနိုင်ငံမှာ
အသည်းရောင် အသားဝါပိုး ကူးစက်မှုနှုန်း ဘယ်လောက်ရှိပါသလဲဆရာ။
အသည်းရောင်အသားဝါ ဘီပိုးနဲ့
စီပိုးကူးစက်မှု ဘယ်လောက်ရှိလဲဆိုတာနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အချက်အလက်တွေရဖို့
ဆေးသုတေသန ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး
၂၀၁၅ ခုနှစ်က သုတေသနတွေလုပ်ခဲ့ပါတယ်။ ဘီပိုး ကူးစက်မှုနှုန်းက ၆ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး
စီပိုး ကူးစက်မှုနှုန်းက ၂ ဒသမ ၇ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ ဘီပိုးက အယောက် ၁၀၀ မှာ
၇ ယောက်နီးပါး ကူးစက်ခံနေရပြီး စီပိုးကတော့ အယောက် ၁၀၀ မှာ ၃ ယောက်နီးပါး ကူးစက်နေပါပြီ။
လူဦးရေ သန်း ၅၀ နဲ့ ပြန်တွက်မယ်ဆိုရင် ဘီပိုးကူးစက်သူက ၃.၅ သန်းရှိပြီး
စီပိုးကူးစက်သူက ၁.၅သန်း လောက်ရှိပါတယ်။ ဒါတွေက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့
ပြောရရင် မြန်မာနိုင်ငံက များနေပါသေးတယ်။ ဒါကြောင့် ကာကွယ်မှုတွေကို ဖိဖိစီးစီးလုပ်မှသာ
နောင် ၅ နှစ်၊ ၁၀ နှစ်ကြာတဲ့အခါ ဒီပိုးတွေကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေက အတော်လေးနည်းပါးသွားမှာ
ဖြစ်ပါတယ်။
သွေးသွင်းတဲ့အခါမှာကော
အသည်းရောင်အသားဝါပိုးတွေ မကူးစက်အောင် ဘယ်လိုစီမံချက်တွေထားပြီး လုပ်ဆောင်ပါသလဲဆရာ။
သွေးသွင်းတဲ့အခါ သန့်ရှင်းတဲ့သွေးကိုရဖို့
အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စစ်တာကို စီမံချက်တွေနဲ့ မဖြစ်မနေလုပ်ပါတယ်။ အခုဆိုရင်
ဆေးရုံတိုင်းမှာ သွေးသွင်းတော့မယ်ဆိုရင် ဘီပိုး၊ စီပိုး၊ HIV ပိုးတွေကို စစ်ပေးပြီး မရှိတဲ့သွေးကို သွင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ လုပ်ဆောင်လာခဲ့ပါတယ်။
ဆေးထိုးတဲ့အခါမှာလည်း အရင်တုန်းကဆိုရင် ဖန်ပြွန်တွေ၊ ဆေးထိုးအပ်တွေကို ပြုတ်ပြီး ပြန်သုံးခဲ့ပါတယ်။
အခုဆိုရင် တစ်ခါသုံးအပ်တွေ သုံးလာပါတယ်။ အစိုးရကိုယ်တိုင်က စီမံချက်ချကာ ဥပဒေထုတ်ပြန်ပြီး
လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လိင်မှတစ်ဆင့်
ကူးစက်မှု မရှိအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲဆရာ။
အသည်းရောင် အသားဝါ ဘီပိုး၊
စီပိုးနဲ့ HIV ပိုးတွေက လင်မယားတွေမှာလည်း တစ်ယေက်နဲ့တစ်ယောက်
ကူးစက်နိုင်တာကြောင့် ကာကွယ်ဖို့ အကာအကွယ်ပစ္စည်း ကွန်ဒုံးတွေသုံးဖို့ ဆရာတို့က ပညာပေးတယ်။
ညွှန်ကြားချက်တွေလည်း ပေးပါတယ်။ ဘီပိုးက ကာကွယ်ဆေးထိုးထားလို့ရပေမယ့် စီပိုးနဲ့
HIV ပိုးကို ကွန်ဒုံးသုံးပြီး ကာကွယ်နိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးကုသမှုစနစ်တွေ
ကောင်းအောင်၊ စီပိုးကို တတ်နိုင်သမျှ ကုသပေးနိုင်အောင် ကြိုးစားပေးပါ။ ရည်မှန်းထားတဲ့
စီမံချက်တွေက အဲဒါတွေလုပ်ပေးဖို့ပါ။ အရင်ကလည်း ဒါတွေကို လုပ်ဆောင်ခဲ့ပေမယ့် အားကြိုးမာန်တက်နဲ့
ပိုပြီး လုပ်ဆောင်မယ်ဆိုရင် ရည်မှန်းထားတဲ့ ၂၀၃၀ ပြည့်နှစ်မှာ ဘီပိုး၊ စီပိုးကို ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ခုကနေ
ဖယ်ထုတ်နိုင်မှာ ဖြစ်တယ်လို့ မှန်းထားပါတယ်။
Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)