Print

အနာကြီးရောဂါ

  24-Feb-2017
Preview Image

ဒီရောဂါကိုတော့ အကြောက်ဆုံးလို့တောင် ပြောနိုင်ပါတယ်။ ကိုယ်လက်အင်္ဂါ ချို့ယွင်းနိုင်တာကို တွေးမြင်ပြီး စိတ်ပူတာရယ်၊ မိသားစုဆီ ကူးစက်သွားမှာကိုစိုးရိမ်တာရယ်၊ လူတောမတိုးတော့မှာကို ရင်လေးတာရယ် စသဖြင့် ပူပင်သောကတွေ အတောမသတ်တော့ပါဘူး။ တကယ်တော့ အနာကြီးရောဂါ ဖြစ်တိုင်း ကိုယ်လက်အင်္ဂါ မပျက်စီးပါဘူး။ မိသားစုကိုလည်း အလွယ်တကူ နေ့ချင်းညချင်း ကူးစက်သွားတာ မဟုတ်ပါဘူး။


စောစောစီးစီးသာ စနစ်တကျ ကုသမှုခံယူခဲ့ရင် လုံးဝကို စင်းလုံးချောပျောက်ကင်းနိုင်တဲ့ ရောဂါပါ။ ခြေ၊ လက်၊ မျက်စိ စတဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းမှုတွေဟာ လုံးဝဆေးမကုလို့ ဒါမှမဟုတ် ဆေးကု နောက်ကျလို့၊ ဒါမှမဟုတ် ဆေးမှန်မှန်မမှီဝဲလို့ ဖြစ်ရတဲ့ အကျိုးဆက်တွေပါ။

 

ရောဂါရှိသေးလား
မြန်မာနိုင်ငံမှာ အနာကြီးရောဂါ လုံးဝကို အမြစ်ပြတ်သွားပြီလို့ အထင်အမှတ်မှားနေသူတွေလည်း ရှိနေပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၂ ခုနှစ်မှာ တစ်ကမ္ဘာလုံး အတိုင်အတာနဲ့ ပြောရရင် အနာကြီးလူနာသစ် တွေ့ရှိရတာက (၂၃၂၈၇၅) ယောက်တဲ့။ ဒီလို နှစ်သိန်းကျော် တွေ့ရှိရတဲ့အထဲမှာ အိန္ဒိယ၊ ဘရာဇီးနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အများဆုံးပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နှစ်စဉ် လူနာသစသုံးထောင်ဝန်းကျင် တွေ့နေရဆဲမို့ ပေါ့ပေါ့လျော့လျော့နေလို့တော့ မရသေးပါဘူး။

 

အနာကြီးရောဂါဟာ မိုက်ကိုဗက်တီးရီးယမ်း လက်ပရေး (Mycobacterium Leprae) ဆိုတဲ့ ပိုးကြောင့်ဖြစ်ပြီး ရောဂါကူးစက်မှု ခံရပြီးတဲ့နောက် လေးငါးနှစ်ကြာမှ ရောဂါလက္ခဏာတွေ တဖြည်းဖြည်းပေးလာတာပါ။ အဖြူကွက်၊ အနီကွက်၊ ကြေးနီကွက်တွေပေးလာပြီး အဲဒီအကွက်တွေဟာ ခံစားမှုနည်းပါးတယ်။ ထုံတယ် ဆိုပါတော့။ အမြင်အားဖြင့် ပွေး၊ ညှင်း၊ ခရုသင်း၊ မွေးရာပါအမှတ် စတာတွေနဲ့ ဆင်တူသလိုပါပဲ အဲဒီအကွက်
တွေက ထုံ၊ မထုံ အာရုံကြောတွေက ကြီး မကြီး စမ်းသပ်ပြီးမှ ရောဂါ ဟုတ် မဟုတ် ဆုံးဖြတ်ကြရပါတယ်။ လိုအပ်ရင် အသားခြစ် ပိုးစစ်ဆေးခြင်း၊ အသားစ စစ်ဆေးခြင်း (Biopsy) စတာတွေကို သေချာအောင် လုပ်ရပါတယ်။ သေချာပြီဆိုမှ ဆေးကုပေါ့။

 

ကုလို့ပျောက်တဲ့ရောဂါ
ရှေးတုန်းက ဒက်ပဆုံး (Dapsone) ဆေးတစ်မျိုးတည်းကို နှစ်ရှည်လများ သောက်ခဲ့ရပေမဲ့ ၁၉၈၆ ခုနှစ်လောက်ကစပြီး ဆေးနှစ်မျိူး၊ သုံးမျိုးစပ်တဲ့ ဆေးပေါင်းကုထုံးဆိုတာကို မြန်မာနိုင်ငံမှာ စတင်သုံးစွဲခဲ့တာ ဒီနေ့ထိပါပဲ။ ရောဂါအခြောက်လူနာဆိုရင် ခြောက်လပဲကြာပြီး ရောဂါအစိုလူနာဆိုရင် တစ်နှစ်သာ ကြာပါတော့တယ်။ အစိုးရဆေးရုံ၊ ကျန်းမာရေးဌာနတိုင်းမှာ အခမဲ့ ကုသပေးနေတာမို့ ဆေးဖိုးအတွက်လည်း စိတ်ပူစရာမရှိဘူး။ဆေးမှန်မှန်စားနေရင် မိမိရဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကိုလည်း မကူးစက်နိုင်တော့ပါဘူး။ ဒါကြောင့် အနာကြီးရောဂါလို့ ဆရာဝန်တွေက နာမည်တပ်လိုက်တာနဲ့ အကြောက်မလွန် ကြပါနဲ့လို့ ပြောချင်တာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine, June 2014, Pg.45-46



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18