Print

ဝက်သက်ရောဂါအကြောင်း သိကောင်းစရာ

  04-Feb-2019
Preview Image

ဝက်သက်ရောဂါဟာ ဘဝတစ်သက်တာမှာ တစ်ကြိမ်ဖြစ်ပြီးပါက နောက်ထပ်မဖြစ်တော့ပါဘူး။ ကလေးဘဝမှာ ခုခံမှုစနစ်အားနည်းရင် အာဟာရဓာတ်ပါချို့တဲ့ရင် သေဆုံးတဲ့အထိဖြစ်နိုင်ပါ

တယ်။ ဝက်သက်ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အသက် ၉ နှစ်မှ ၁၅ နှစ်ကလေးငယ်တွေဟာ အသက်အန္တရာယ် ထိခိုက်နိုင်လို့ ဝက်သက်ကာကွယ်ဆေးထိုးစေချင်ပါတယ်။

ဝက်သက်ရောဂါဟာ ဝက်သက်ရောဂါပိုးကြောင့် ဖြစ်ပွားပြီး အလွန်ကူးစက်မြန်ကာ ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတစ်မျိုး ဖြစ်ပါတယ်။


          ဝက်သက်ရောဂါဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်နေတဲ့သူနဲ့ အနီးကပ်ထိတွေ့ခြင်း၊ ချွဲသလိပ်တွေ ထိတွေ့တာတို့ကြောင့်လည်း ကူးစက်နိုင်ပြီး ရောဂါပိုးဟာ ချောင်းဆိုးခြင်း၊ နှာချေတာကတဆင့် အခြားသူထံ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။


ကလေးတွေမှာ ဝက်သက်ပေါက်ရင် ပထမရက်မှာ ရိုးရိုးဖျားတတ်ပါတယ်။ တတိယနေ့မှာ အဖျားပိုတက်လာတယ်။ နှာစေးတာနဲ့ချောင်းဆိုးတာတွေပါ ဖြစ်လာမယ်။ အဲ့ဒီအချိန်မှာ ကလေးရဲ့မျက်လုံးအိမ်တွေ နီလာပါတယ်။ မျက်လုံးသွေးကြောတွေလည်း နီပြီး မျက်ရည်ယိုနိုင်ပါတယ်။


ကလေးရဲ့ပါးစပ်အတွင်းဘက်ကို ကြည့်လိုက်ရင်လည်း နောက်ဆုံးသွား ရှိတဲ့ပါးစောင်နေရာဟာ နီရဲပြီး အဖြူစက်ကလေးတွေ ရှိနေပါတယ်။ အဲ့ဒီအဖြူစက်လေးတွေကို “ကော့ပ်လစ်စပေါ့ (Koplik spots)” လိုု့ခေါ်ပြီး ၂၄ နာရီအတွင်း ပျောက်သွားတတ်တယ်။


ကလေးက အနီပိန့်လေးတွေမထွက်ခင်အချိန်မှာ အဖျားအကြီးဆုံးဖြစ်ပြီးတော့ အနီပိန့်လေးတွေထွက်လာတာနဲ့ အဖျားလည်း ကျသွားတတ်တယ်။ အနီပိန့်တွေ ထွက်လာချိန်မှာ အဖျားကျသွားပေမယ့် ချောင်းတော့ပိုဆိုးလာတယ်။ အနီပိန့်လေးတွေက ကလေးရဲ့အရေပြားပေါ်မှာတင် မဟုတ်တတ်ပဲ အသက်ရှူလမ်းကြောင်းမကြီးမှာလည်းဖြစ်တတ်လို့ ချောင်းပိုဆိုးလာတတ်ပါတယ်။


ကလေးစဖျားတဲ့ရက်ကနေ ၇ ရက် ဒါမှမဟုတ် ၈ ရက်မြောက်နေ့တွေမှာ အဖျားပြန်ကျသွားတတ်ပါတယ်။ အပိန့်တွေကလည်း တဖြည်းဖြည်း စပြီးပျောက်သွားတတ်ပါတယ်။ အပိန့်နေရာတွေမှာ အမာရွတ်လို အညိုကွက်ကလေးတွေ ကျန်ရစ်စေခဲ့ပါတယ်။ ဒီအညိုကွက်လေးတွေဟာ လေးငါးရက်လောက်ဆို သူ့အလိုလို ပျောက်သွားတတ်ပါတယ်။


ဝက်သက်ပေါက်ချိန်မှာ အဖျားကြီးရင် ဦးနှောက်ထိခိုက်ပြီး သတိမေ့သွားတတ်ပါတယ်။ အာဟာရချို့တဲ့နေတဲ့ ကလေးတွေ ဝက်သက်ပေါက်ရင် ပိုပြီးဆိုးရွားတတ်တယ်။ ဝက်သက်ရောဂါကြောင့် နားပြည်ယိုခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ခြင်းနဲ့ နမိုးနီးယား (အဆုတ်ရောင်ခြင်း) ဖြစ်တက်ပါတယ်။ ပါးစပ်၊ နှုတ်ခမ်းတွေမှာ အနာရလာပြီး ပါးစပ်ပေါက်နာရောဂါတွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ တီဘီရောဂါရှိတဲ့ကလေးတွေမှာ ဝက်သက်ရောဂါကြောင့် အဆုတ်ရောင်ပြီး တီဘီရောဂါ ပိုမိုဆိုးရွားတတ်ပါတယ်။


ဝက်သက်ပေါက်နေတဲ့ကလေးတွေကို ဟိုးအရင်တုန်းက ဝက်ချေးကိုအရည်ဖျော်ပြီးတိုက်တတ်ကြပါတယ်။ ဝက်သက်ပေါက်ရင်“လေတိုက်မခံရ၊ ဝက်သားမစားရ၊ ရေမချိုးရ” ဆိုတဲ့ အယူအဆတွေက မှားနေပါတယ်။ ဝက်ချေးကို အရည်ဖျော်ပြီးတိုက်ရင် ဝက်ရဲ့အညစ်ကြေးတွေကြောင့် ရောဂါရနိုင်လို့ မတိုက်သင့်ပါဘူး။ နောက်တစ်ခုက ဝက်သက်စုံမှ ရေချိုးပေးရမယ်ဆိုတဲ့ အယူအဆက မမှန်ပါဘူး။


ဝက်သက်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို သုတ်သင်နိုင်တဲ့ ဆေးဝါးမရှိပါဘူး။ ဝက်သက်ပေါက်ပြီးအဖျားကြီးရင် ကိုယ်ပူကျဆေး ပါရာစီတမောလ်ဆေးကို တိုက်နိုင်ပါတယ်။ ရေပတ်တိုက်ရမယ်။ ချောင်းဆိုးပျောက်ဆေးတိုက်ရမယ်။ ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရပါတယ်။ ဗီတာမင်အားဆေးတွေကိုလည်း တိုက်ရပါမယ်။ ဓာတ်ဆားထုပ်ကိုလည်း တိုက်ပေးရပါမယ်။ တီဘီရောဂါရှိတဲ့ကလေးကို ဆေးပတ်လည်အောင် တိုက်ပေးရပါမယ်။


ဝက်သက်ပေါက်နေတဲ့ကလေးကို လေကောင်းလေသန့်ရပြီး သင့်တော်တဲ့ အလင်းရောင်ရှိတဲ့နေရာမှာထားရပါမယ်။ ဝက်သက်ပေါက်ချိန်မှာ ကလေးရဲ့ မျက်လုံးတွေက ကျိန်းစပ်နေတက်လို့ သင့်တော်တဲ့ အလင်းရောင်မှာထားရှိရမယ်။ အပူကြီးလာရင်တော့ ဦးနှောက်ကို မထိခိုက်စေဖို့ ကိုယ်အပူချိန်ချပေးဖို့အတွက် ရေပတ်တိုက်ပေးရမယ်။


ဝက်သက်ရောဂါဟာ စိုးရိမ်စရာမလိုတဲ့ရောဂါဖြစ်လို့ အိမ်မှာကုသနိုင်ပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့တန်တန် မထားသင့်ပါဘူး။ အဖျားပြင်းထန်လာတဲ့အခါမှာ တက်နိုင်တယ်။ တက်ရာကနေ သတိမေ့ပြီး နောက်ဆုံးကတော့ အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်နိုင်တာကို သတိပြုစေလိုပါတယ်။ ကလေးမှာရောဂါအခံရှိပြီး  အာဟာရချို့တဲ့နေတယ်ဆိုရင်တော့ သေချာဂရုစိုက်ပေးပြီး ဆေးရုံဆေးခန်းကို အမြန်ပြသရပါမယ်။


ဝက်သက်ကာကွယ်ဆေးကို ကလေးအသက် (၉) လနဲ့ တစ်နှစ်ခွဲမှာ ထိုးပေးလေ့ရှိပါတယ်။ ၈၉ ရာခိုင်နှုန်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်း ကာကွယ်မှုမရခဲ့လို့ ကလေးတွေအစုလိုက် ဝက်သက်ရောဂါကာကွယ်ဆေး ထိုးနှံပေးရပါမယ်။


ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေနဲ့ ကာကွယ်ဆေး မအောင်တဲ့သူတွေမှာ ဝက်သက်ရောဂါဟာ ၃နှစ်၊ ၄နှစ်တစ်ကြိမ် ကပ်ရောဂါအသွင်ဖြစ်တတ်တာကို ဂရုစိုက်ရပါတယ်။ ဒါကြောင့် ဝက်သက်ကာကွယ်ဆေးကို ၉ လကနေ ၁၅နှစ်အတွင်း ကလေးတွေကို ထိုးပေးရပါမယ်။ ကလေးတိုင်းထိုးနိုင်စေဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေသာမက ပြည်သူအားလုံး ပါဝင်ရပါမယ်။


ဝက်သက်ပေါက်ရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အဆုတ်ရောင်တာ၊ ဝမ်းလျှောဝမ်းပျက်တာ၊ ဦးနှောက်ရောင်တာနဲ့ မျက်စိမှုန်ဝါးတာတွေဖြစ်တတ်ပြီး ဆေးရုံကို အချိန်မီမရောက်ရင် အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝက်သက်ရောဂါကင်းဝေးရေးအတွက် ကာကွယ်ဆေးကို မဖြစ်မနေထိုးရပါမယ်။ အာဟာရချို့တဲ့တဲ့ကလေး၊ နာတာရှည်ရောဂါရှိတဲ့ ကလေးတွေမှာ ပိုပြီးဆိုးရွားစွာ ခံစားရနိုင်လို့ အထူးဂရုစိုက်သင့်ကြောင်း အကြံပြုပြောကြားလိုပါတယ်။


Credit : ဆရာဒေါက်တာ မြင့်သန်းထွန်း (ပြည်သူကျန်းမာရေး)


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18