Print

ဗက်တီးရီးယားပိုးများကြောင့် ကလေးများတွင် ဝမ်းသွားခြင်း

  16-Feb-2019
Preview Image

ဝမ်းပျက်ဝမ်းလျှောခြင်းမှာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်နိုင်စရာမှာ ရေနဲ့ အစာများ မသန့်ရှင်းလို့ ဖြစ်နိုင်တဲ့ ဗက်တီးရီးယားတို့ကြောင့် ဝမ်းပျက်ခြင်းနဲ့ ပတ်သက်ခြင်း ပြောပြလိုပါတယ်။

         

ပထမဆုံး ပိုးတစ်မျိုးဖြစ်တဲ့ Shigella ပိုးဟာ လက်သုပ်စုံ အစာပလာများစွာ ရောစပ်ကိုင်တွယ်ထားတဲ့ အစာ၊ မသန့်တဲ့ သောက်ရေများမှာ ပါလာတတ်ပါတယ်။ တစ်အိမ်တည်း၊ တစ်ဆောင်တည်း၊ စာသင်ခန်းတစ်ခုတည်းမှာ ကလေးများစွာကို အချိန်တိုအတွင်းမှာ ကူးစက်ပါတယ်။ ပိုးနည်းနည်းလေး ဝင်ရုံနဲ့ ဝမ်းပျက်နိုင်ပါတယ်။ အူလမ်းကြောင်း အတွင်းလိုင်းဆဲလ်အလွှာကို ထိုးဖောက် ဝင်ရောက်ဖျက်ဆီးပြီး တစ်နေရာမှာ တစ်နေရာသို့ ပျံ့နှံ့ရုံမက အူတွင်းမှာပါ အဆိပ်များ ထုတ်လာပါတယ်။ အူမကြီးမှာ ပိုအနေများပြီး အနာများကို ဖြစ်လာစေပါတယ်။ ဒီအချိန်မှာ သွေးအချွဲထွက်ခြင်း၊ ဝမ်းကိုက်ခြင်း ဝေဒနာကို ခံစားရတာ ဖြစ်ပါတယ်။ မသန့်တဲ့အစာကိုစားပြီး အစောဆုံး ခြောက်နာရီမှ လေး၊ ငါးရက်ထိ ကြာသည်အထိ ရောဂါပျိုးချိန် ရှိပါတယ်။ အဖျားလည်း ဝင်တတ်ပြီး၊ ဗိုက်ထဲက ရစ်လို့ နာတတ်ပါတယ်။ ပျို့အန်လွယ်ခြင်း၊ အစာလုံးဝမစားခြင်းများလည်း တွဲတတ်ပါတယ်။ ဝမ်းအရည်များ ဆက်တိုက် အများကြီးသွားတာလဲ ဖြစ်နိုင်ပါတယ်။ တစ်ပတ် နှစ်ပတ်လောက်ထိ ကြာမြင့်သွားနိုင်တာကတော့ သင့်တော်တဲ့ ဆေးကုသမမှုခံယူမိလို့ ဖြစ်နိုင်ပါတယ်။

         

အရည်ဓါတ် ဆုံးရှုံးခြင်းအတွက် ဓါတ်ဆားရည် လုံလောက်စွာ သောက်ဖို့လိုသလို သင့်တော်တဲ့ ပဋိဇီဝဆေး ပိုးသတ်ဆေးကိုလည်း နေရာဒေသအလိုက် ရွေးချယ်ပြီး လုံလောက်စွာ တိုက်ကျွေးဖို့ လိုပါတယ်။ ဒီပိုးရဲ့ နောက်ဆက်တွဲ ပြဿနာတွေမှာ နာတာရှည် ဝမ်းပျက်မှုကြောင့် အာဟာရချို့တဲ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ တက်သွားခြင်း စသည်ဖြင့် ဖြစ်နိုင်သလို မျက်စိနှင့် ကျောက်ကပ်၊ နှလုံး၊ အဆုတ် တစ်ကိုယ်လုံးကို ထိခိုက်သွားနိုင်တဲ့ ပြဿနာများစွာရှိလို့ အထူးဂရုစိုက်ရပါတယ်။ ခြောက်လအောက် ကလေးတွေမှာ ဖြစ်ခဲရခြင်းဟာ မိခင် နို့ရည်ရဲ့ ကာကွယ်နိုင်တဲ့ စွမ်းပကားကြောင့်ဖြစ်လို့ မိခင်နို့ကို ခြောက်လအထိ မပျက်မကွက် တိုက်သင့်တယ်။ အစာမစားမီ၊ အစာမပြင်ဆင်မီနဲ့ အိမ်သာက ထွက်လာတိုင်း လက်ကို ဆပ်ပြာနှင့် ရေများများသုံးပြီး ဆေးခြင်းဟာ ထိရောက်သော ကာကွယ်မှု ဖြစ်ပါတယ်။

         

ဒုတိယပိုးကတော့ မူကွဲငါးမျိုးပါတဲ့ E.coli ပိုးပဲဖြစ်ပါတယ်။ အပူပိုင်းဒေသရဲ့ မိုးများတဲ့ရာသီမှာ ဖြစ်တတ်ပြီး အစားအသောက်ကို သန့်ရှင်းစွာ မပြင်ဆင်တဲ့အခါ မစင်အညစ်အကြေး စွန့်ပစ်ပုံ မမှန်ကန်တဲ့အခါ ပိုဖြစ်တတ်ပါတယ်။ ဝမ်းပျက်တဲ့ ငါးနှစ်အောက်ကလေးရဲ့ ၃၀ ရာခိုင်နှုန်းဟာ ဒီပိုးကြောင့်ဖြစ်ပြီး ပိုးတော်တော်များများဝင်မှ ဒီဝမ်းသွားခြင်းဟာ ဖြစ်တတ်ပါတယ်။ ဒီပိုးဟာ အူနံရံမှာ စွဲကပ်ပြီး အူတွင်းသို့ အရည်ဓါတ်များစွာကို ထွက်စေတဲ့အခါ ကလေးဟာ ဝမ်းအရည်များစွာ မရပ်မနား သွားနိုင်ပါတယ်။ အထက်လှန် အောက်လျှောဆိုသလို ဆက်တိုက်လည်း အန်တာနဲ့ ဝမ်းအရည် သွားတာသုံးရက်မှ ငါးရက်အထိ ကြာနိုင်ပါတယ်။ မျိုးကွဲတစ်ခုကတော့ အူအတွင်းနံရံကို ထိုးဖောက်ဝင်ရောက်ပြီး ဝမ်းကိုက်ပိုး ပုံစံအတိုင်း သွေးဝမ်းသွားတာ ဖြစ်စေနိုင်ပါတယ်။

         

ဒါ့အပြင် ကလေးကို အစာလုံး၀ မကျွေးဘဲ မိခင်နို့နဲ့ အစာအာဟာရကို ပုံမှန် ကျွေးထားခြင်းဟာဝမ်းပျက်တဲ့ ကလေးကို မြန်မြန် နာလန်ထစေပြီး သက်သာပျောက်ကင်းမှု လျင်မြန်စေ၍ အာဟာရ ချို့တဲ့မှုမှလည်း ကာကွယ်နိုင်ပါတယ်။ ပိုးသတ်ဆေး တိုက်ကျွေးမှုကြောင့် ပိုမြန်မြန် ပျောက်မပျောက် ဆိုတာကိုတော့ ဝမ်းစစ်တဲ့ အဖြေပေါ်မှာ ချိန်ဆပြီးမှ တိုက်ကျွေးရတာဖြစ်ပါတယ်။ မိခင်နို့ကို ဂရုတစိုက် တိုက်ကျွေးခြင်းဟာလဲ ဒီပိုးကို ကာကွယ်နိုင်ပြီး အစားအသာက် ပိုးကင်းစင်အောင် သန့်ရှင်းစွာ ပြင်ဆင်ဖို့၊ လက်ကို သန့်ရှင်းစွာထားဖို့၊  ရေကို ကျိုချက်သောက်သုံးဖို့၊ အိမ်သာကထွက်တိုင်းနဲ့ အစာမစားမီ လက်ကိုဆပ်ပြာနဲ့ဆေးဖို့၊ ရေကို ပိုးကင်းအောင် စီမံတဲ့ နည်းလမ်းတွေသုံးဖို့ စသည်ဖြင့် ဂရုစိုက်ထားမယ်ဆိုရင် အလွယ်တကူ မကူးစက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

         

တတိယပိုင်းကတော့ စိုးရိမ်ကြလေ့ရှိတဲ့ Cholera ကာလဝမ်းပိုး၊ အမျိုးအစားဖြစ်ပါတယ်။ ဝမ်းပျက်တဲ့အခါ အရည်ဓါတ် ဆုံးရှုံးမှုများပြီး ကလေးကို ထိခိုက်မှု မြန်တာကြောင့် မိဘတွေ စိတ်ပူကြရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ဒေသအုပ်စုအလိုက် ဂင်္ဂါမြစ်နဲ့ ဗြဟ္မပုတ္တရမြစ်ရိုးတစ်လျှောက်ဖြစ်ခဲ့တာ ဖြစ်တယ်။ မသန့်ရှင်းတဲ့ရေမှာ ပါလာတဲ့ ပိုးတော်တော်များများ ဝင်ပါမှ ဝမ်းပျက်တတ်တဲ့ အမျိုးအစားဖြစ်ပြီး အစာအိမ်ထဲက အက်စစ်ဓါတ်က ပိုးမဝင်နိုင်အောင် ဟန့်တားပေးနိုင်ပါတယ်။ အစာအိမ်လေနာ ပျောက်ဆေးများများ သောက်ထားတဲ့အခါ ဒီပိုးဝင်ရင် ချက်ချင်း ပျံ့နှံ့လွယ်တာ တွေ့ရပါတယ်။ ဒီပိုးဟာလဲ အူနံရံမှာ တွယ်ကပ်ပြီး အရည်ဓါတ်နဲ့ ဆားများစွာကို အူထဲကို စီးဆင်းသွားစေပါတယ်။ အရည်များစွာ အချိန်တိုတိုတွင်းမှာ ဝေါခနဲ ဝေါခနဲ သွားပြီး ဆန်ဆေးရည် နှစ်ရောင်ရှိကာ ငါးညှီနံကဲ့သို့ အနံရပါတယ်။ ဗိုက်နာခြင်း၊ ဖျားခြင်း သိပ်မရှိပါ။ အန်တာလဲ ဝမ်းသွားသလောက် မဆိုးပါ။ သွေးပေါင်ချိန် ချက်ချင်းကျပြီး သွေးလန့်ကာ သတိလစ်သွားနိုင်ပါတယ်။ အရည်နဲ့ ဆားဆုံးရှုံးလို့ မျက်ကွင်းဟောက်ပက်နဲ့ လျှာတွေ ခြောက်ကပ်ပြီး ဆီးလည်း မထွက်ပါ။ သွေးပေါင်ချိန်ကျပြီး တိုင်းမရသည်အထိ ဖြစ်ပါတယ်။ ခြေလက်များ အေးစက်ပြီး ပျော့ခွေနေပါတယ်။ သတိလစ်ခြင်း၊ တက်သွားခြင်း၊ သွေးထဲသကြားဓါတ် လျော့ကျခြင်း၊ အမောဖောက်ခြင်း ပိုးဝင်ပြီး တစ်ရက်မှ ငါးရက်အတွင်း ရောဂါလက္ခဏာပေါ်လာတာ ဖြစ်ပါတယ်။ အချိန်မီ မကုသရင် အသက်ဆုံးရှုံးမှု များတတ်ပါတယ်။

         

စတုတ္ထပိုးတစ်မျိုးဖြစ်တဲ့ Salmonella ပိုးကတော့ အခြားပိုးများနည်းတူ အစာနှင့် ရေမှ ကူးစက်နေတာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးများမှာ ပိုဖြစ်တတ်ပါတယ်။ ဆေးယဉ်ပါးမှု ဖြစ်လွယ်လို့ ဒီပိုးကို ကြောက်ကြတာ ဖြစ်ပါတယ်။ အိမ်မွေးခွေး၊ ကြောင် မစင်များ၊ တိရစ္ဆာန် အသားများ၊ ကြက်ဥများမှ တစ်ဆင့် ပိုးများဟာ ကူးစက်ပျံ့နှံ့ နိုင်ပါတယ်။ လက်သုပ်စုံ အမျိုးမျိုး၊ ရေခဲမုန့်၊ နို့ထွက်ပစ္စည်းဖြင့် ပြုလုပ်သော အစာများမှ ကူးစက်တတ်ပါတယ်။ အုပ်စုအလိုက် နေထိုင်ကြတဲ့နေရာများ၊ ကလေးအဆောင်များ၊ ဆေးရုံများမှလည်း ပျံ့နှံ့လွယ်တာကို တွေ့နိုင်ပါတယ်။ ပိုးများစွာဝင်မှ ရောဂါရနိုင်သလို Cholera ပိုးလိုပဲ အစာအိမ်အစာချေရည်က ပိုးပျံ့အောင် အတိုင်းအတာတစ်ခုထိ ထိန်းပေးပါတယ်။ ငယ်လွန်းတဲ့ကလေး၊ ကိုယ်ခံအားမရှိတဲ့ ကလေးတွေမှာ ပိုဖြစ်ပါတယ်။ ပိုးပါတဲ့အစာကို စားမိပြီး နောက်နေ့မှာ ဝမ်းစပျက်တတ်ပါတယ်။ ရုတ်တရက် ထိုးအန်နိုင်ပါတယ်။ ဗိုက်နဲ့ ချက်ပတ်လည်မှာ ထိုးပြီး နာတတ်ပါတယ်။ အဖျားလည်း ဝင်လာနိုင်ပါတယ်။ သတိလစ်ခြင်း၊ ဇက်ခိုင်ခြင်း၊ တက်သွားခြင်းများလည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်စရာ အခြေအနေနဲ့ သုံးလအောက် ကလေးများမှာတော့ ပိုးသတ်ဆေးကို ငါးရက်မှ ၁၀ရက်အထိ သင့်တော်တဲ့ အမျိုုးအစားကို မှန်ကန်စွာ ရွေးချယ်ပြီး ပေးရပါတယ်။ ဓါတ်ဆားရည်နဲ့ အစာကို ဂရုစိုက်ကျွေးမွေးခြင်းဟာ အရေးကြီးတဲ့ ကုသနည်းဖြစ်ပါတယ်။ ဒါ့အပြင် အစားအစာကို အပူရှိန်ပြင်းပြင်းနဲ့ သေချာချက်မှ၊ အချိန်ကြာကြာချက်မှ ဒီပိုးက သေနိုင်တာဖြစ်လို့ ကိုယ်ရွေးချယ်တဲ့ အစားအသောက်ဟာ အန္တရာယ် ရှိမရှိ စဉ်းစားပြီးမှ စားသောက်သင့်ပါတယ်။

         

ဒီ အဓိကပိုးများအပြင် အေးစက်ပြီး ထားသိုသိမ်းဆည်းပုံ မမှန်တဲ့ အစာမှ ကူးစက်သော ဝမ်းသွားစေနိုင်တဲ့ ပိုးများ၊ စည်သွပ်ဘူးများမှ တစ်ဆင့်ပါလာနိုင်တဲ့ပိုး၊ လက်လုပ်ချဉ်တွေ၊ နေလှမ်းတဲ့ဆေးမှုန့်တွေက ပါလာတဲ့ ပိုး၊ ကိုယ်ခံအားချို့တဲ့သူ၊ အာဟာရ မပြည့်စုံသူ၊ ဝက်သက် ပေါက်ထားသူ၊ ဗီတာမင်အေနဲ့ ဇင့်သွပ် ဓါတ်ချို့တဲ့သူ၊ သန်ကောင်ရှိသူ၊ ကပ်ပါးပိုးရှိသူ စသည်ဖြင့် ကလေးအမျိုးမျိုးမှာ ဝမ်းသွားစေနိုင်တဲ့ အကြောင်းများလည်း ရှိပါတယ်။ ဝမ်းပျက်ဝမ်းလျှော့ခြင်းဆိုင်ရာ ကာကွယ်ခြင်း၊ ပညာပေးမှုများကို အမြဲလေ့လာပြီး လိုက်နာကျင့်သုံးခြင်း၊ ဖြစ်လာပါက စိုးရိမ်စရာလက္ခဏာ ရှိမရှိစောင့်ကြည့်တတ်ရန် ပြင်ဆင်ထားခြင်း၊ အချိန်မီကုသမှု ခံယူခြင်းများဟာ ကလေးတို့ရဲ့ ကျန်းမာရေးအတွက် အရေးကြီးကြောင်း ပြောကြားလိုပါတယ်။


Credit: ပါမောက္ခဒေါက်တာကေသီထွန်း (ကလေးအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18