အိပ်ချ်အိုင်ဗွီဝေဒနာရှင်တို့ ဝါဝါဝင်းလာပြီဆိုလျှင် . . .
24-Jun-2019အိပ်ချ်အိုင်ဗီရောဂါပိုးရှိနေတဲ့သူတွေ အသားဝါလာရင် ပေါ့ပေါ့တန်တန်သဘောထားလို့ မရပါဘူး။ ဒီလိုအသားအရောင်မျိုးဖြစ်နေပြီဆိုရင် သူ့ရဲ့သွေးထဲမှာ ဘီလီရူဘင် (Bilirubin)ဆိုတဲ့ ဓာတ်တွေ မြင့်တက်နေတာဖြစ်ဖို့ များပါတယ်။ အဲဒီလို မြင့်တက်နေတဲ့အချိန်မှာ အသားပါ ဝါနေပြီဆိုရင်တော့ အဲဒီဓာတ်ဟာ တော်တော့ကိုမြင့်မားနေပြီလို့ ဆိုရပါလိမ့်မယ်။ ဒီဓာတ်တွေ သွေးထဲမှာ မြင့်တက်ခါစမှာဆိုရင် မျက်လုံးတွေစပြီး ဝါလာနေပါပြီ။ ဝါခါစမှာတော့ ဒါကိုကြည့်နေကျ၊ ရှာဖွေစူးစမ်းနေကျ ဆေးပညာရှင်တွေ (ဆရာဝန်တွေ) မှသာ သတိထားမိတတ်ပါတယ်။ ဘီလီရူဘင်ဓာတ် (သွေးထဲမှာ) အတန်အသင့်များ လာပြီဆိုရင်တော့ ဆေးပညာအသိုင်းအဝိုင်းက လူတွေတောင် သေသေချာချာ သတိထားကြည့်မယ်ဆိုရင် မျက်စိဝါနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို စပ်စပ်စုစု ကြည့်လေ့မရှိတတ်တဲ့အခါကျတော့ လူနာရဲ့အသား ဝါလာတော့မှသာ သတိထားမိတတ်ကြပါတယ်။ အဲဒီလိုအဆင့်ရောက်ပြီဆိုရင်တော့ အဲဒီလူနာရဲ့ မျက်စိတွေဟာ ဝါထိန်နေပါပြီ။ သူရဲ့သွေးထဲမှာလည်း ဘီလီရူဘင်ဓာတ်တွေ အဆမတန် များပြားနေပါပြီ။
အသားဝါနေလျက်နဲ့ မျက်စိမဝါတဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါကသွေးထဲမှာရှိတဲ့ ဘီလီရူဘင် ပမာဏနဲ့ မပတ်သက်ပါဘူး။ တစ်ခြားအကြောင်းတွေကြောင့်ဖြစ်ရတာပါ။ အဲဒီအထဲက အရေးကြီးဆုံးအကြောင်းကတော့ ကိုယ်ခန္တာထဲမှာ ကာရိုတင်း (Carotene) တွေများနေတာပါပဲ။ ဒီဆောင်းပါးမှာတော့ သွေးထဲ ဘီလီရူဘင်ဓာတ်မြင့်တက်ပြီး အသားဝါရတဲ့ အကြောင်းတွေကိုပဲ အဓိကထားပြီးတော့ တင်ပြသွားပါမယ်။
အိပ်ချ်အိုင်ဗီရောဂါပိုးရှိနေတဲ့သူတွေ အသားဝါပြီး
မျက်စိဝါပြီဆိုရင် ဆရာဝန်တွေထိပ်ဆုံးကထားပြီး စဉ်းစားလေ့ရှိကြတဲ့ရောဂါတွေကတော့ အသည်းရောင်ဗိုင်းရပ်ဘီနဲ့
စီပိုး အမျိုးအစားနှစ်ခုပါပဲ။ အဲဒီရောဂါပိုးနှစ်မျိုး လူ့ခန္ဓာကိုယ်ထဲ ဝင်တဲ့ပုံစံက
အိပ်ချ်အိုင်ဗွီပိုး လူ့ခန္ဓာကိုယ်ထဲ ဝင်တဲ့ပုံစံနဲ့ ဆင်တူလို့ အဲဒီလို စဉ်းစားကြရတာပါ။
ပိုပြီး အသေးစိတ်ပြောရမယ်ဆိုရင် အိပ်ချ်အိုင်ဗီပိုး က လိင်ကိစ္စကနေတစ်ဆင့်၊ သွေးအသွင်းခံရတဲ့
ကိစ္စကနေတစ်ဆင့်၊ ဆေးထိုးအပ်ကနေတစ်ဆင့် ၊ တက်တူးထိုးတာ၊ ဆေးထိုးတာ၊ နားဖောက်တာ ၊ သွားနှုတ်တာ၊
ခွဲစိတ်ခံရတာတွေကနေတစ်ဆင့် (ဒါမှမဟုတ်) ကိုယ်ဝန်ဆောင်မိခင်ကနေ(ဗိုက်ထဲက ရင်သွေးကို)
တစ်ဆင့် ကူးစက်စေတတ်သလို အသည်းရောင် ဗိုင်းရပ်ဘီနဲ့ စီပိုးတွေကလည်း အလားတူ နည်းတွေကနေတစ်ဆင့်
ကူးစက်စေတတ်ပါတယ်။ ဆိုလိုတာက အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရစဉ်မှာ အဲဒီဗိုင်းရပ်ပိုးတွေပါ
အဆစ်ကူးစက်ခံရတာမျိုး ဖြစ်သွားတတ်ပါတယ်။
အသည်းရောင်ဗိုင်းရပ် ဘီပိုးနဲ့ စီပိုးကလည်း
တော်တော့်ကို ဒုက္ခပေးတတ်ပါတယ်။ နာတာရှည် အသည်းရောင်တာ၊ အသည်းအဆီဖုံးတာ၊ စရိုးစစ်
(Cirrhosis) လို့ခေါ်တဲ့ အသည်းမှာ အနာရွတ်အကြီးအကျယ်တက်ပြီးတော့ အသည်းရှုံ့တွသွားလို့
အသည်းရဲ့ လုပ်ငန်းတွေ လုံးဝပျက်စီးသွားနိုင်သလို အသည်းကင်ဆာရောဂါလည်း ဖြစ်ပွားစေနိုင်ပါတယ်။
စရိုးစစ်နဲ့ အသည်းကင်ဆာဖြစ်ပြီဆိုရင်တော့ သိပ်မလွယ်လှပါဘူး။ အသည်းအစားထိုးတာအပါအဝင်ဖြစ်တဲ့
ရောဂါကုထုံးတွေ ရှိနေပေမယ့် အမြဲတမ်းအောင်မြင်တာတော့ မဟုတ်ပါဘူး။ အောင်မြင်ရင်တောင်
အသက်တိုမှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ ငွေကုန်ကြေးကျကလည်း အသက်ရှည်လာသမျှ ပိုပိုပြီးတော့
များလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့်ကို မရောက်မီ စနစ်တကျကုသဖို့ ကြိုးစားကြရပါတယ်။
အဲဒီအဆင့်တွေမတိုင်မီ အသည်းရောင် ဗိုင်းရပ်ဘီပိုးနဲ့
စီပိုးကို ဖယ်ရှားရှင်းလင်းပစ်လို့ရပါတယ်။ ဒါပေမယ့် ဒါဟာလည်း ရာနှုန်းပြည့် အောင်မြင်တာတော့မဟုတ်သေးပါဘူး။
ငွေကြေးအကုန်အကျလည်း အတန်အသင့်တော့ ရှိနေတာပါပဲ။ ဒါကြောင့် ဆေးသိပ္ပံ ပညာရှင်တွေက အသည်းရောင်ဗိုင်းရပ်ဘီပိုးနဲ့
စီပိုးရှိနေတဲ့သူတွေမှာ ဘယ်အချက်အလက်တွေနဲ့ ကိုက်ညီရင်၊ ဘယ်အဆင့်ကိုရောက်နေရင် ဘယ်(အသည်းရောင်ဗိုင်းရပ်)
ပိုးသတ်ဆေးတွေကို သုံးစွဲသင့်တယ်ဆိုတာ သိပ္ပံနည်းကျ သုတေသနပြုပြီး ဖော်ထုတ်ထားတာ ရှိပါတယ်။
အသည်းရောင် ဗိုင်းရပ်အေနဲ့ အီးပိုးအမျိုးအစားနှစ်ခုကတော့
အစားအသောက်ကနေတစ်ဆင့် ကူးတတ်ပါတယ်။ ပိုပြီး တိကျအောင် ပြောရမယ်ဆိုရင် အဲဒီရောဂါပိုးတွေပါနေတဲ့
မစင်လိုအညစ်အကြေးတွေနဲ့ ထိတွေ့ထားတဲ့ အစားအသောက်တွေ စားသောက်မိရင် ကူးစက်နိုင်ပါတယ်။
အဲဒီအညစ်အကြေးတွေကို အစားအသောက်ထဲ တမင်ထည့်ထားတာမျိုးတော့ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် အဲဒီအညစ်အကြေးတွေမှာ
နားထားတဲ့ ယင်၊ ခြင်၊ ပိုးဟတ် စတဲ့ အကောင်ပလောင်တွေက အစားအသောက်တွေထဲ ခဏလေး နားလိုက်တာနဲ့
(သူတို့ကိုယ်မှာ ကပ်ငြိလာတဲ့ အသည်းရောင်ဗိုင်းရပ် အေနဲ့ အီးပိုးအပါအဝင်) ပိုးတွေဟာ
အစားအသောက်ထဲ အော်တိုမက်တစ် (Automatic) အလိုအလျောက် ရောက်ရှိပြီးသားပါပဲ။ ဒါ့အပြင်
မြစ်ရေ၊ ချောင်းရေ၊ ကန်ရေတွေဟာလည်း အညစ်အကြေးတွေနဲ့ (တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှိုက်၍သော်လည်းကောင်) ထိတွေ့ဖို့ အခွင့်အလမ်းဟာ သိပ်ကိုများပြားလှပါတယ်။
ဒါကြောင့် အဲဒီလိုရေမျိုးကို စနစ်တကျ ကျိုချက်ပြီး သောက်မှသာ ဒီရောဂါပိုးတွေ ကူးစက်ခံရမယ့်
အန္တရာယ်ကနေ ကင်းဝေးမှာပါ။
ယင်လုံအိမ်သာသုံးစွဲတာအပါအဝင် ပတ်ဝန်းကျင်သန့်ရှင်းရေး
အလေးပေးဆောင်ရွက်ဖို့ ဟာ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။ အစိုးရကတော့ ဦးဆောင်ဖို့
၊ ပံ့ပိုးဖို့ ၊ဆော်သြဖို့ တာဝန်ရှိတာပေါ့ ။ ဒါပေမယ့် လူတိုင်းရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ
လူအားလုံးအတွက် အရေးကြီးပါတယ်။ အညစ်အကြေးစွန့်ပြီးတိုင်း၊ အစားအစာ စားခါနီးတိုင်း စနစ်တကျလက်ဆေးဖို့
ဟာလည်း အရေးကြီးနေပြန်ပါတယ်။
အသည်းရောင်ဗိုင်းရပ်အေပိုးနဲ့ အီးပိုးဟာ
နာတာရှည် အသည်းရောဂါတွေ၊ ကင်ဆာရောဂါတွေကိုတော့ ဖြစ်စေလေ့မရှိပါဘူး။ ဒါပေမယ့်ဒီရောဂါပိုးတွေ
ကူးစက်ခံရပြီး ရေတိုအသည်းရောင်တာမျိုးတော့ ဖြစ်စေတတ်ပါတယ်။ အသက်အန္တရာယ်ဖြစ်ခဲ့တယ်ဆိုပေမယ့်
ဖြစ်ဖူးတာတွေလည်း ရှိပါတယ်။ အထူးသဖြင့်ကိုယ်ခံစွမ်းအားမကောင်းတဲ့သူတွေ အနေနဲ့ အသည်းအကြီးအကျယ်ပျက်စီးပြီး
အသည်းအဆိပ်တက်တာ ၊ အသက်ဆုံးရှုံးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီတော့ အိပ်ချ်အိုင်ဗွီ
ပိုးရှိနေတဲ့သူတွေဟာ အသည်းရောင်ဗိုင်းရပ်အေပိုးနဲ့ အီးပိုးအတွက်ပစ်မလွဲတဲ့ ပစ်မှတ်တွေ
ဖြစ်လာပါတယ်။ ဒါကြောင့်အိပ်ချ်အိုင်ဗွီရောဂါပိုး ရှိနေတဲ့သူတွေဟာ ပတ်ဝန်းကျင်သန့်ရှင်းရေး
၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို အများတကာထက်ပိုပြီး ဂရုစိုက်သင့်ပါတယ်။
ဆေးပညာလောကမှာ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏”
ဆိုတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။ ဒါကြောင့် အသည်းရောင်ဗိုင်းရပ်ရောဂါတွေ မဖြစ်ခင်ကတည်းက
ဒီရောဂါတွေဖြစ်စေတတ်တဲ့ အခြေအနေတွေကို ရှောင်ကြဉ်ခြင်းအားဖြင့် ကာကွယ်သင့်ပါတယ်။ မျက်မှောက်ခေတ်မှာတော့
အသည်းရောင်ဗိုင်းရပ်အေပိုးနဲ့ စီပိုးကို ကာကွယ်ပေးတဲ့ဆေးတွေလည်း ရှိနေတာမို့လို့ အထူးသဖြင့်
အိပ်ချ်အိုင်ဗွီပိုးရှိနေတဲ့သူတွေအနေနဲ့ မဖြစ်ခင်ကတည်းက ကြိုတင်ထိုးနှံပြီး ကာကွယ်ထားသင့်ပါတယ်။
ကာကွယ်ဆေးထိုးတယ်ဆိုတဲ့ နေရာမှာလည်း ဆေးအောင်ဖို့ လိုပါတယ်။ ကိုယ်ခန္ဓာပေါ်အပ်စိုက်လိုက်တာနဲ့
ကာကွယ်ပြီးသားဖြစ်သွားတာ မဟုတ်ပါဘူး။ ဒါကြောင့် တကယ်နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်ရဲ့
ညွှန်ကြားကြီးကြပ်မှုနဲ့ ထိုးနှံခံသင့်ပါတယ်။ သူတို့လိုအပ်တဲ့ စစ်ဆေးမှုတွေကို (လူနာအခြေအနေပေးသလောက်)
ပြုလုပ်ပြီးတော့ အကောင်ဆုံး၊ အသင့်တော်ဆုံး ကာကွယ်မှုကို အကြံပေးမှာ ဖြစ်ပါတယ်။
အသည်းရောင်ပိုးလို့ နာမည်မခံထားပေမယ့် အသည်းကို
ရောင်စေတတ်တဲ့ ပိုးတွေ အများကြီးရှိပါသေးတယ်။ အဲဒီအထဲက လက်ပတိုစပိုင်ရိုးစစ်
(Leptospirosis) ဆိုတဲ့ ရောဂါကို ဖြစ်စေတတ်တဲ့ ပိုးကတော့ အရေးကြီးဆုံးပါပဲ။ ဒီရောဂါပိုးပါဝင်နေတဲ့
ကြွက်ရဲ့ကျင်ငယ်ရေ တည်ရှိနေတဲ့ ရေနဲ့ ထိတွေ့ရာကနေ ကူးစက်တတ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင်
ကာကွယ်ဖို့ဆိုတာကလည်း ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ဆက်စပ်နေပြန်ပါတယ်။ ဒီရောဂါဖြစ်ရင်
မျက်လုံးဝါတာ ၊ အသားဝါတာအပြင် ကိုယ်လက်နာကျင်ကိုက်ခဲတာ ၊ ကျောက်ကပ်ပျက်စီးတာ၊ ဦးနှောက်အမြှေးရောင်တာတွေအထိ
ဖြစ်တတ်ပါတယ်။ ဒီတော့အသက်အန္တရာယ်လည်း ရှိတာပေါ့။ ကိုယ်ခံအားစနစ်မကောင်းတဲ့သူတွေမှာ
ပိုပြီး အန္တရာယ်ကြီးတာဆိုတော့ အိပ်ချ်အိုင်ဗွီရောဂါပိုး ရှိသူတွေအနေနဲ့ အလေးထားသင့်တဲ့
ရောဂါပိုးတစ်ခု ဖြစ်လာပြန်တာပေါ့။
ရေယုန်ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ သိပ်မရှားလှတဲ့
ရောဂါတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့် ဖြစ်ရတာပါ။ အိပ်ချ်အိုင်ဗွီရောဂါရှိသူတွေရဲ့
ဘဝတစ်ကွေ့မဟုတ်၊ တစ်ကွေ့မှာ ရေယုန်ပေါက်တတ်ပါတယ်။ ရေယုန်ပေါက်တဲ့ အရေပြားဧရိယာသိပ်ပြီး
ကျယ်ပြန့်ရင် (အိပ်ချ်အိုင်ဗွီ ပိုးရှိနေတဲ့ သူတွေမှာဆိုရင် ) အေအိုင်ဒီအက်စ်ရောဂါအဆင့်
ရောက်ရှိနေပြီလားဆိုတဲ့ မေးခွန်းက ဆရာဝန်တွေရဲ့ ခေါင်းထဲပေါ်လာတာပါပဲ။ ကိုယ်ခံအားအဆင့်
သိပ်ပြီးတော့ ကျတော့မှသာ ဒီလိုမျိုး များများစားစား ဖြစ်တတ်တာပါ။ ရေယုန်ရောဂါဟာလည်း
အသည်းကိုရောင်စေတတ်ပါတယ်။ ရှားတော့ရှားပါတယ်။
ဒါပေမယ့်
အိပ်ချ်အိုင်ဗွီရောဂါပိုးရှိတဲ့သူတွေမှာမှ အဲဒီလို ရှားပါးတယ်ဆိုတဲ့ ဖြစ်ရပ်တွေက ပိုပြီးတော့
ဖြစ်တတ်တာဆိုတော့ ဒီရောဂါကိုလည်း ခေါင်းထဲထည့်ထားစရာပေါ့။ အရေပြားပေါ်မှာသာ အရည်ကြည်ဖုကလေးတွေပဲ
ဖြစ်စေလေ့ရှိတဲ့ ရေယုန်ရောဂါကြောင့် အသည်းပါရောင်နေရပြီဆိုရင် တစ်ခြားသော ကိုယ်တွင်းအင်္ဂါတွေဟာလည်း
အန္တရာယ်ရှိနေပြီဖြစ်ပါတယ်။
အိပ်ချ်အိုင်ဗွီ
ရောဂါပိုးရှိနေတဲ့သူတွေအနေနဲ့ ကာလအကြာကြီး သုံးစွဲနေရတဲ့ ဆေးတွေရှိသလို ကာလတိုပေမယ့်
မကြာမကြာ သုံးစွဲရတတ်တဲ့ ဆေးတွေ လည်းရှိနေပါတယ်။ အဲဒီအထဲက တစ်ချို့ ဆေးတွေဟာ အသည်းကိုရောင်ရမ်းစေတတ်ပါတယ်။
သူတို့တွေဟာ ကိုယ်ခံစွမ်းအား ကျဆင်းမှုကို အကြောင်းပြုပြီးတော့ ခန္ဓာကိုယ်အနှံ့မှာ မှိုစွဲခံရတတ်ပါတယ်။
မှိုသတ်ဆေးအများစုဟာ အသည်းကို အနည်းနဲ့အများ ဒုက္ခပေးတတ်ပါတယ်။ တီဘီရောဂါနဲ့ နပမ်းလုံးရတဲ့
အခါမှာကျတော့လည်း တချို့တီဘီဆေးတွေဟာ အသည်းကို အန္တရာယ်ပေးတတ်ပြန်ပါတယ်။ အိပ်ချ်အိုင်ဗွီ
ပိုးသတ်ဆေးတချို့ကိုယ်နှိုက်ကလည်း အသည်းကို ပြဿနာပေးတတ်ပါသေးတယ်။ ပိုးတွေကြောင့် အသည်းရောင်နေတဲ့အချိန်
မှာ ဒီဆေးတွေနဲ့ တွေ့လိုက်ရရင် “နူရာ ဝဲစွဲ လဲရာ သူခိုးထောင်း” အဖြစ်နဲ့ ကြုံရဖို့ရှိနေပါတယ်။
ဒါကြောင့် ဒီကာလမှာ ဒီရောဂါတွေ ၊ ဒီဆေးဝါးတွေကို ဘယ်လောက် စီမံ ခန့်ခွဲနိုင်သလဲဆိုတဲ့
ကိစ္စက အရေးပါလာပါတယ်။
Credit :
ဒေါက်တာ အောင်မိုး (အထွေထွေရောဂါအထူးကု သမားတော်ကြီး)