အနာကြီးရောဂါအကြောင်း သိကောင်းစရာ
03-Jul-2019အနာကြီးရောဂါသည်
မည်ကဲ့သို့သော ရောဂါဖြစ်ပါသလဲ။
အနာကြီးရောဂါမှာ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်
ဖြစ်ရသော ရောဂါဖြစ်ပြီး ဦးနှောက်နှင့် ကျောရိုးဆစ်၏ ပြင်ပ၌ ရှိနေသော အာရုံကြောများ၊
အရေပြား၊ မျက်စိ၊ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း၊ ကပ္ပါယ်အိတ်၊ သားနံရည်အကျိတ်များ၊ အဆစ်၊
အသည်း၊ သရက်ရွက်နှင့် ရိုးတွင်းခြင်ဆီစသော အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်သော
ရောဂါတစ်ခုဖြစ်ပါသည်။
အနာကြီးရောဂါမှာ
တစ်ဦးမှ နောက်တစ်ဦးသို့ ကူးစက်နိုင်ပါသလား။
ပိုးမွှားဘက်တီးရီးယားကြောင့်ဖြစ်ရသော ရောဂါဖြစ်သည်နှင့်အညီ
ရောဂါရှိနေသူမှ အခြားသူတစ်ဦးထံသို့ ပိုးရောက်ရှိကာ ရောဂါကူးစက်နိုင်ပါသည်။
အနာကြီးရောဂါ
မည်ကဲ့သို့ ကူးစက်နိုင်ပါသလဲ။
ရောဂါပိုးမှာ တစ်ဦးထံမှ အခြားသူတစ်ဦးထံသို့
မည်ကဲ့သို့ ရောက်ရှိသွားရသည်ကို အသေအချာ မသိရသေးသော်လည်း ပိုးရှိနေသော လေကို ရှူရှိုက်မိရာမှ
ကိုယ်ခန္ဓာအတွင်းသို့ ပိုးဝင်ရောက်ကြသည်ဟု ဆေးပညာရှင်များ ယူဆကြပါသည်။ အနာရှိသော အရေပြား၊
ဒဏ်ရာရထားသော အရေပြားတို့မှလည်း ပိုးဝင်ရောက်နိုင်သော်လည်း အလွန်မှ ဖြစ်ခဲလှသည်ဟု ဆိုကြပါသည်။
ထိုသို့ဆိုလျှင် ရောဂါပိုးရှိသော လေကိုရှူရှိုက်မိသူတိုင်း ရောဂါကူးစက်ခံရနိုင်ပါသလား။
ရောဂါပိုးရှိနေသော လေကိုရှူမိသူတိုင်း ရောဂါကူးစက်ခြင်း
မခံရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ၉၅ ရာခိုင်နှုန်းခန့်သော သူတို့မှာ သဘာဝအရ ရောဂါပိုးကို
ခုခံကာကွယ်နိုင်သော ကိုယ်ခံအားစနစ်ရှိကြပြီး အနည်းငယ်သောလူများ ဝ.၅ ရာခိုင်နှုန်းကသာ
ရောဂါရရှိသွားနိုင်ပါသည်။
အပျော်ကြူးသောကြောင့်
အနာကြီးရောဂါဖြစ်ရသည်ဆိုသည်မှာ မှန်ပါသလား။
အနာကြီးရောဂါမှာ လိင်ဆက်ဆံရာမှ ကူးဆက်ခံရသော
ရောဂါတစ်ခုမဟုတ်ပါ။ ထို့အတူပင် မျိုးရိုးလိုက်၍ ဖြစ်သော ရောဂါတစ်ခုလည်း မဟုတ်ပါ။ ရောဂါပိုးရှိသူနှင့်
ကာလတာရှည်စွာနေထိုင်ရာမှ ရောဂါကူးစက်ခံရနိုင်ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် မိသားစုတစ်ခုတွင်
ဖခင် သို့မဟုတ် မိခင် ရောဂါဖြစ်နေပါက အတူနေ သားသမီးတို့မှာ ရောဂါကူးစက်လွယ်ပြီး တစ်အိမ်တည်းတွင်ပင်
မိဘနှင့်အတူ သားသမီး တချို့ရောဂါဖြစ်နေကြသည်ကို တွေ့ရှိကြရာမှ မျိုးရိုးလိုက်သောရောဂါဟု
အထင်ခံရခြင်း ဖြစ်ဟန်တူပါသည်။
ထို့အတူပင် အနာကြီးရောဂါ၏ လက္ခဏာတချို့နှင့်
ကာလသားရောဂါ၏ လက္ခဏာတချို့ ဆင်တူနေကြသဖြင့် အနာကြီးရောဂါမှာ အပျော်ကြူး၍ဖြစ်သော ကာလသားရောဂါတစ်မျိုးဟု
ထင်ကြဟန် တူပါသည်။ ဤနေရာတွင်
သတိချပ်ရန်မှာ အနာကြီးရောဂါသည်တွင် ကာလသားရောဂါပါ ပူးတွဲဖြစ်နိုင်သကဲ့သို့ ကာလသားရောဂါသည်တို့တွင်လည်း အနာကြီးရောဂါ ကူးစက်ခံရနိုင်ပါသည်။
အနာကြီးရောဂါကို
ဖြစ်စေသော ဘက်တီးရီးယားပိုးအကြောင်း အနည်းငယ်ပြောပြပါ။
Mycobacteria Lepra ဟု ဆေးပညာအရ ခေါ်ဆိုထားသော
အနာကြီး ရောဂါပိုးကို ၁၈၇၃ ခုနှစ်ကတည်းကပင် နော်ဝေးနိုင်ငံမှ Armauer Hansen ဆိုသူဆရာဝန်က
တွေ့ရှိခဲ့ပြီး ဆေးပညာသမိုင်းတွင် လူကို ရောဂါဖြစ်စေနိုင်သော ဗက်တီးရီးယားပိုးအဖြစ်
ပထမဦးဆုံး မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ လူတို့အပြင် ဆီရီယာလီးယုံးနိုင်ငံရှိ ချင်ပန်စီမျိုးနွယ်အချို့
တောင်အမေရိကရှိ သင်းခွေချပ်နှင့် နိုင်ဂျီးရီးယားရှိ မျောက်တစ်မျိုးတို့၌ လည်း ဤပိုးကို တွေ့ရနိုင်ပါသည်။ ဆေးသိပ္ပံနယ်ပယ်တွင်
ပထမဆုံးတွေ့ရှိခဲ့သော ပိုးဖြစ်သော်ငြားလည်း ယနေ့ထက်တိုင် ဓာတ်ခွဲခန်းအတွင်း မွေးမြူနိုင်ခြင်း
မရှိသေးသော ပိုးလည်း ဖြစ်ပါသည်။
အနာကြီးရောဂါပိုး
ရှိ၊ မရှိ သွေးစစ်ဆေး၍ ရနိုင်ပါသလား။
ပိုးရှိ၊ မရှိကို သွေးစစ်ဆေးခြင်းဖြင့် မသိနိုင်ပါ။
အရေပြား ဒုတိယအလွှာရှိ အရည်ကို စစ်ဆေးခြင်းဖြင့်သာ ပိုးရှိ၊ မရှိ သိနိုင်သည်ဟု အကြမ်းဖျင်းဆို၍
ရနိုင်ပါသည်။ ခွဲစိတ်ဓားဖြင့် အရေပြားကို သွေးမထွက်စေရန် ညှစ်ထားကာ ခွဲကြောင်းပေးပြီး
မူလကသုံးသော ခွဲစိတ်ဓားဖြင့် ခွဲထားနေရာရှိ အရေပြားကို ခြစ်ပြီး ရရှိသောအရည်ကို စစ်ဆေးခြင်းဖြစ်ပါသည်။
နဖူး၊ နားသီး၊ မေးစေ့၊ တံတောင်ဆစ်၊ ဒူး၊ တင်ပါးနှင့် အနာကြီးရောဂါ လက္ခဏာရှိသော အရေပြားအကွက်နေရာတို့၌
ခွဲကာ ပိုးရှာလေ့ရှိကြပါသည်။
မည်သည့် အတွက်ကြောင့်
ခြေလက်၊ နှာခေါင်းများ ပျက်စီးသွားရပါသလဲ။
ရောဂါပိုးကြောင့် ခြေလက်တို့ရှိ အာရုံကြောများ
ပျက်စီးရာမှ အပူ၊ အအေးနှင့် ထိခိုက်နာကျင်ခြင်းကို သိရှိမှုနည်းလာခြင်း သို့မဟုတ် မရှိတော့ခြင်း
တို့ ဖြစ်ကြပါသည်။ ထို့ကြောင့် နောက်ဆက်တွဲ ဒဏ်ရာရမှုများ ဖြစ်လာခြင်းနှင့် ထိုမှရရှိလာသော
ဒဏ်ရာများမကျက်ခြင်း၊ ကုသမှုမရှိခြင်းကြောင့် အရိုးများပါထပ်မံပျက်စီးကာ ခြေချောင်း၊
လက်ချောင်းများ ပျက်စီးရခြင်း ဖြစ်ပါသည်။ အရိုးများအထိ ပိုးဝင်ကာ ပျက်စီးရခြင်းမျိုး
မဟုတ်ပါ။ သို့သော် နှာခေါင်းရှိ အရိုးနုမှာ ပိုးကြောင့် ပျက်စီးသွားရာမှ နှာခေါင်း
ချိုင့်ဝင်သွားခြင်း ဖြစ်ပါသည်။
အနာကြီးရောဂါမှာ
ဆင်းရဲသော တိုင်းပြည်၊ ပူအိုက်ခြောက်သွေ့သော တိုင်းပြည်တို့၌သာ ဖြစ်သောရောဂါဆိုသည်မှာ
ဟုတ်ပါသလား။
အနာကြီးရောဂါမှာ ရာသီဥတုမရွေး၊ နေရာဒေသမရွေးဘဲ
ဖြစ်နိုင်ပါသည်။ ထို့အတူပင် ဆင်းရဲချမ်းသာမရွေး၊ ယောကျ်ား၊ မိန်းမ၊ လူကြီးလူငယ်၊ ကလေး
မခွဲခြားသည့်အပြင် မည့်သည့်တိုင်းပြည်၌ မဆို ဖြစ်နိုင်ကြပါသည်။
အနာကြီးရောဂါ၏
လက္ခဏာတချို့ ပြောပြပါ။
ဖြူဖျော့ဖျော့ သို့မဟုတ် အနီရောင်အကွက်အကွက်
သို့မဟုတ် အနည်းငယ်ကို မျက်နှာပေါ်တွင်လည်းကောင်း၊ ကိုယ်ထည်၌သော်လည်းကောင်း၊ တင်ပါး၌သော်လည်းကောင်း
တွေ့ရနိုင်ပါသည်။ အကွက်တို့၏ အနားသားတို့မှာ မထင်မရှားသော်လည်းကောင်း၊ တိတိကျကျသော်လည်းကောင်း
ရှိနိုင်သည့်အပြင် အနည်းငယ် ချွေးထွက်နည်းမှု၊ ထိတွေ့သိရှိမှု နည်းနေခြင်း သို့မဟုတ်
လုံးဝမရှိမှုတို့ ဖြစ်နိုင်ပါသည်။ ထိုအကွက်ထဲတွင် အမွှေးအမျှင်များ မရှိသည်ကိုလည်း သတိထားမိနိုင်ပါသည်။
အချို့တို့တွင် မျက်ခုံးမွှေးများ၏ အစွန်းဖက်၌ အမွှေးအမျှင်နည်းလာခြင်း ၊ နားသီးကြီးလာခြင်းတို့ကိုလည်း
တွေ့ရနိုင်ပါသည်။ ကာလတာရှည်စွာနှာစေးနေခြင်း၊ သွေးထွက်ခြင်းနှင့် နှာခေါင်းပိတ်ခြင်းတို့လည်း
ဖြစ်နိုင်ပါသည်။ တစ်ကိုယ်လုံး နေရာအနှံ့အပြားမှ အဖြူရောင် သို့မဟုတ် အနီရောင် အကွက်များ
ထွက်လာနိုင်ပါသည်။ နာကျင်နေသော အနီရောင်အဖုများလည်း ခြေသလုံး၊ လက်မောင်း တို့၌ တွေ့ရနိုင်ပါသည်။
တစ်ခါတစ်ရံ ထိခိုက်ဒဏ်ရာရမှုများတွင် နာကျင်မှု မခံစားရခြင်းလည်း ဖြစ်နိုင်ပါသည်။
အနာကြီးရောဂါကို
ကာကွယ်နိုင်ပါသလား။
ရောဂါအတွက် ထိရောက်သော ကာကွယ်ဆေး မရှိသေးပါ။
သို့သော် ရောဂါဖြစ်စဉ်မှာ နှေးကွေးသဖြင့် ရောဂါဖြစ်စ၌ ကုသမှုခံယူပါက မည်သည့်အဂါၤပျက်စီးမှုမှ
မဖြစ်နိုင်ဘဲ ရောဂါပျောက်ကင်းနိုင်ပါသည်။
ဆေးဝါးများသုံး၍
ရောဂါပိုး မရှိ၊ ရောဂါပျောက်ပြီဟု ဆိုသော်လည်း ရောဂါသည်တချို့၏ ခြေလက်ပျက်စီးမှု ဘာကြောင့်
ပြန်လည် မကောင်းလာပါသလဲ။
အနာကြီးရောဂါအတွက် သုံးသောဆေးတို့မှာ ရောဂါပိုးကို
နှိမ်နှင်းသတ်ဖြတ်သော ဆေးများသာဖြစ်ပြီး ပိုးကြောင့် ပျက်စီးနေနှင့်ပြီးသော အာရုံကြော
ပျက်စီးမှုအပေါ်တွင် မည်သို့မှ သက်ရောက်မှုမရှိကြပါ။ ခြေလက်ပျက်စီးမှုမဖြစ်စေရန် ရောဂါဖြစ်ကာစတွင်
ကုသခံရန်လိုသလို အာရုံကြောပျက်စီးမှုတို့ကြောင့် နောက်ဆက်တွဲ ဖြစ်လာသော ထိခိုက်ဒဏ်ရာရခြင်းနှင့်
အနာတို့ကိုလည်း ဂရုစိုက်ကုသရန် လိုပါသည်။
အနာကြီးရောဂါ
အကွက်တို့နှင့် မှားယွင်းနိုင်သော အရေပြားရောဂါတချို့နှင့် အခြားသော ရောဂါတို့ကို ပြောပြပါ။
အဖြူရောင်အကွက်များရှိသည့် ညှင်း၊ ကြက်ဖင်ဟုခေါ်သော
အရေပြားရောင်ရမ်းခြင်း၊ အချို့မွေးရာပါ အမှတ်များနှင့် ဆေးဝါးကြောင့် အရေပြားအရောင်ဖျော့သွားသည့်
အကွက်တို့မှာ အနာကြီးရောဂါအကွက်တို့နှင့် မှားယွင်းနိုင်သကဲ့သို့ အရေပြားရောင်သည့်
ရောဂါဖြစ်သော ဆိုရီရေးစစ်နှင့် နှင်းခူတို့သည်ပင်လျှင် မှားယွင်းနိုင်ကြပါသည်။ ထို့အပြင်
ကာလသားရောဂါ ဒုတိယအဆင့်တွင် တွေ့ရသော အကွက်များကလည်း အနာကြီးအကွက်များနှင့် အလွန်ပင်
ဆင်တူကြပါသည်။
အနာကြီးရောဂါ
ဖြစ်နေဆဲ၊ ကုသနေဆဲလူနာများထံမှ အခြားသူများထံ ရောဂါကူးစက်စေနိုင်ပါသလား။
အကြမ်းအားဖြင့် အနာကြီးရောဂါကို နှစ်မျိုး
ခွဲခြားနိုင်ပါသည်။ လက္ခဏာများအရ ရောဂါဖြစ်နေသည်ဟု သတ်မှတ်ခံရသော်လည်း ရောဂါပိုးမတွေ့ရသော
အုပ်စုမျိုး၊ ဤကဲ့သို့သော
လူနာမျိုးမှ အခြားတစ်ယောက်ထံသို့ ရောဂါကူးစက်ရန် အခွင့်အလမ်း အတော်နည်းပါသည်။ နောက်တစ်မျိုးမှာမူ
ရောဂါပိုးတွေ့ရသော အုပ်စုမျိုးဖြစ်ပါသည်။ ဤအုပ်စုမျိုးမှာ အခြားသူထံ ရောဂါကူးစက်ရန် လွယ်ကူပါသည်။
သို့ပါသော်လည်း ပိုးတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ အနာကြီးပိုးသတ် ဆေးပေါင်းများစားနေသောသူများမှ
အခြားသူများထံသို့ မကူးစက်နိုင်ပါ။
အနာကြီးရောဂါသည်
မကုသဘဲထားပါက အသက်ဆုံးရှုံးရနိုင်ပါသလား။
မကုသဘဲထားပါက
အသက်ဆုံးရှုံးနိုင်သော ရောဂါတစ်ခုမဟုတ်ပါ။ သို့သော်လည်း အခြားသူထံသို့ ကူးစက်နိုင်ခြင်းမှသည်
ကိုယ်လက်အဂါၤပျက်စီးချို့ယွင်းခြင်းတို့ ဖြစ်နိုင်ကြသဖြင့် ကုသသင့်သော ရောဂါဖြစ်ပါသည်။
Credit :
ဒေါက်တာ သောင်းညွန့်ရွှေ