သွေးလွန်တုတ်ကွေးရောဂါအတု အဓိကသိထားရမည့်အချက်များ
29-Oct-2016၁။ Chikungunya သည် virus ရောဂါပိုးတစ်မျိုးဖြစ်ပါသည်။ ခြင်မှတဆင့် အဆိုပါ ရောဂါပိုးကို သယ်ဆောင်ပြီး လူဆီသို့ ကူးစက်နိုင်ပါသည်။ ထိုရောဂါဖြစ်ပါက အဖျားတက်ခြင်း နှင့် ပြင်းပြင်းထန်ထန် အဆစ်အမြစ်ရောင်ခြင်းတို့ကို ဖြစ်စေပါသည်။ တစ်ခြား လက္ခဏာတွေကတော့ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အရေပြားတွင် အနီပြင်များထွက်ခြင်းတို့ ဖြစ်ပါသည်။
၂။ Chikunguyna ရောဂါ၏ လက္ခဏာများသည် သွေးလွန်တုတ်ကွေးရောဂါ လက္ခဏာများနှင့် ဆင်တူပြီး မြန်မာနိုင်ငံလို နေရာမျိုးတွင် ရောဂါနာမည်မှားတတ်တာ မျိုးတွေ ဖြစ်နိုင်ပါသည်။အဆိုပါရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော ဆေးမရှိသေးပါ။ ထို့ကြောင့် ရောဂါလက္ခဏာများ သက်သာရုံသာ ကုသပေးနိုင်ပါသည်။
၃။ မိမိ၏ အနီးအနားပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားရာနေရာများ တည်ရှိပါက ရောဂါကူးနိုင်ခြေများပါသည်။ မြန်မာနိုင်ငံတွင်တော့ မည်သူမဆို ကူးစက်ခံရနိုင်ပါသည်။
၄။ ၎င်း ရောဂါသည် အာဖရိက နှင့် အာရှတွင် ဖြစ်ပွားလေ့ရှိပြီး ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် အမေရိက နှင့် ဥရောပသို့လည်း ပျ့ံနှ့ံသွားပါသည်။ Chikungunya ရောဂါပိုးကို အာဖရိကတိုက်ရှိ တန်ဇီးနီးယား နိုင်ငံတောင်ပိုင်းတွင် ကပ်ရောဂါ အသွင်အဖြစ် ၁၉၅၂ ခုနှစ်၌ ပထမဦးဆုံးအကြိမ် သိရှိသတိထားမိခဲ့ကြသည်။ ၎င်းသည် Togaviridae virus မိသားစုဝင်ဖြစ်ပြီး alphavirus အမျိုးအစားဖြစ်ပါသည်။ ၎င်း၏ နာမည် Chikungunya ကို ဒေသခံ Kimakonde ဘာသာစကားမှ တိုက်ရိုက်မွေးစား ထားခြင်းဖြစ်ပြီး အဓိပ္ပါယ်အားဖြင့် "ပုံပျက်ပန်းပျက် ကွေးနေသည်" ဟု ခေါ်ရမည်ဖြစ် သည်။ ရောဂါဝေဒနာရှင်များအနေဖြင့် အဆစ်အမြစ်များ နာကျင်လွန်းသဖြင့် ကွေးနေရပုံကို တင်စားထားခြင်းဖြစ်ပါသည်။
ရောဂါလက္ခဏာများ (Signs & Symptoms)
အဆိုပါ ရောဂါဖြစ်ပါက အဖျားရုတ်တရက် ကြီးတတ်ပြီး အဆစ်အမြစ်များ တပြိုင်နက် ရောင်တတ်သည်။ တစ်ခြားလက္ခဏာတွေကတော့ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အရေပြားတွင် အနီပြင်များထွက်ခြင်းတို့ ဖြစ်ပါသည်။ အဆစ်အမြစ်ကိုက်ခြင်းသည် ဆိုးဆိုးဝါးဝါးဖြစ်တတ်သော်လည်း ရက်အနည်းငယ်အတွင်းပြန်လည်သက်သာသွားတတ်သည်။ တစ်ခါတစ်လေတွင်တော့ လအနည်းငယ် တန်အောင်အထိ နာနေတတ်သည်။ တစ်ခါတစ်ရံတွင် မျက်စိကိုက်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ ဗိုက်အောင့်ခြင်း နှင့် နှလုံးခုန်မမှန်ခြင်းတို့အထိ ဖြစ်နိုင်ပါသည်။ ဆိုးဝါးပြင်းထန်သည့် နောက်ဆက်တွဲရောဂါများ မဝင်တတ်သော်လည်း အသက်ကြီးသူများတွင် အသက်သေသည့်အထိ ဖြစ်နိုင်ပါသည်။
ရောဂါကူးစက်ပျံ့နှ့ံပုံ (Transmission)
Chikungunya ရောဂါသည် လူအချင်းချင်း ခြင်ကိုက်ခြင်းမှ တဆင့် ကူးစက်တတ်ပါသည်။ ရောဂါပိုးသယ်ဆောင်သော ခြင်များမှ Aedes aegypti နှင့် Aedes Albopictus တို့ဖြစ်ပါသည်။ အဆိုပါ ခြင်မျိုးစိတ်များသည် သွေးလွန်တုတ်ကွေး ရောဂါပိုးကိုလည်း သယ်ဆောင်နိုင်ပါသည်။ အဆိုပါခြင်များသည် နေ့အချိန်တွင် အဓိက ကိုက်လေ့ရှိပြီး နံနက်စောစောပိုင်းတွင် အကိုက်ဆုံးဖြစ်ပါသည်။ အိမ်အတွင်းတွင်ကော အိမ်၏အပြင်ဘက်တွင်ပါ ကျက်စားနေလေ့ရှိပြီး အလင်းရောင်နည်းသည့်နေရာများတွင် ပုန်းခိုနေလေ့ရှိကြသည်။ ရောဂါပိုးကို သယ်ဆောင်သည့် ခြင် အကိုက်ခံရပြီးပါက လေးရက်မှ ရှစ်ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်လာတတ်ပါသည်။
ရောဂါနာမည်တတ်ခြင်း (Diagnosis)
နည်းအမျိုးမျိုးရှိသော်လည်း အကောင်းဆုံးမှာ ELISA method ဖြင့် IgM ကို ရှာသည့် နည်းဖြစ်ပါသည်။ IgM ဆိုသည်မှာ ဒီ Chikungunya ရောဂါပိုး ကို တိုက်ဖျက်ရန်အတွက် ခန္ဓာကိုယ်မှ ထုတ်လွတ်သည့် antibody တစ်မျိုးဖြစ်ပါသည်။ ၎င်း antibody သည် ရောဂါပိုးဝင်ပြီး နှစ်လအထိ တက်နေတတ်သောကြောင့် အဆိုပါ နှစ်လအတွင်း စစ်ဆေးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသားဓာတ်ခွဲခန်း (National Health Laboratory) ၌ မည်သူမဆို စစ်ဆေးခွင့် ရှိပါသည်။ဆရာဝန်များမှ တဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။
ရောဂါကုသပုံ (Treatment)
Chikungunya ရောဂါပိုးကို သေစေနိုင်သည့် ဆေး မပေါ်သေးပါ။ ကာကွယ်ဆေးလည်း မရှိသေးသောကြောင့် ရောဂါလက္ခဏာများ သက်သောအောင်သာ ဆေးကုသပေးနိုင် သေးပါသည်။
ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း (Prevention & control)
ရောဂါကို ကာကွယ်ရန်အတွက် ခြင်များပေါက်ပွားနိုင်သည့် နေရာများကို ရှာဖွေဖျက်ဆီး ရမည်ဖြစ်သည်။ အိမ်အနီးတဝိုက်ရှိ တာယာဟောင်းများ၊ ခွက်ဟောင်းများ တွင် ရေများတင်ကျန်နေပါက သွန်ပစ်ရမည်ဖြစ်သည်။ သွေးလွန်တုတ်ကွေးခြင်နှင့် တူသောကြောင့် သွေးလွန်တုတ်ကွေးကို ကာကွယ်သကဲ့သို့သာ လုပ်ဆောင်ရမည်ဖြစ် သည်။ ရေမြောင်းများပိတ်ဆို့နေပါက ရေစီးရေလာကောင်းအောင် ပြုလုပ်ပေးရမည်ဖြစ်သည်။ အိမ်ရှိ ရေအိုး ရေတိုင်ကီတို့ကို ဖုုံးအုပ်ထားရမည်။ ဘုရားပန်းအိုးများကို ပုံမှန် လဲပေးရမည်ဖြစ်သည်။ အိမ်တွင် အလင်းရောင် ကောင်းစွာရအောင် ပြုလုပ်ထားရမည်ဖြစ် သည်။ ခြင်ကိုက်ခြင်းမှ ကာကွယ်ရန်အတွက် ဆေးများလိမ်းနိုင်သလို ဆေးရည်စိမ် ခြင်ထောင်များကို အသုံးပြုသင့်ပါသည်။ အထူးသဖြင့် ကလေးများနှင့် အသက်ကြီးသူများ နေ့ခင်းနေ့လည် အိပ်စက်ပါက ခြင်ထောင်ဖြင့် အိပ်သင့်ပါသည်။
Ref: Ziwakka Public health in myanmar Tuesday, December 22, 2009
Source: WHO: Chikungunya Labels: Paediatrics, Tropical disease