Print

ဆေးမတိုးသော HIV ပိုးများ

  24-Feb-2017
Preview Image

HIV ပိုးပွားမှုကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်ပြီး AIDS ရောဂါတိုးမှုကို ဟန့်တားနိုင်တဲ့ Antiretrouirl Drug (ARV) ဆေးဝါးများ ပေါ်ပေါက်လာပြီးနောက်မှာ ခုခံအားကျဆင်းမှု ကူစက်းရောဂါဟာ ကုရာနတ္တိဆေးမရှိဘဝမှ ကုသ၍ရနိုင်တဲ့ နာတာရှည်ရောဂါ တစ်ခု အဖြစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်ပေါင်း များစွာရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။ 

 

ကမ္ဘာပေါ်မှာ ဒီ ARV ဆေးဝါးတွေကို မှီဝဲသူများလာတာနဲ့အမျှ အကြောင်းကြောင်းကြောင့် ဆေးယဉ်ပါးပြီး ဒီဆေးဝါးတွေရဲ့ ဒဏ်ကိုခံနိုင်တဲ့ HIV ပိုးတွေ လည်း ပေါ်ပေါက်လာတာကို တွေ့ရှိနေရပါတယ်။ ဆေးယဉ်ပါးတဲ့ HIV ပိုးများတိုးပွားမလာစေရေးအတွက် ARV ဆေးများကို စနစ်တကျသုံးစွဲဖို့ လိုပါတယ်။ ARV ဆေးဝါးများကို ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် အဓိကလိုအပ်ချက် ငါးချက်ရှိပါတယ်။ 

 

၁။ ARV ဆေးသုံးစွဲနည်းကို လေ့ကျင့်သင်ကြားထားသော ဆရာဝန်။

၂။ ရိုးရှင်းလွယ်ကူ၍ သောက်သုံးရလွယ်ကူပြီး အာနိသင်ထိရောက်သော ARV ဆေးဝါးများ သုံးစွဲခြင်း။

၃။ အနီးကပ်လေ့လာ စောင့်ကြည့်ခြင်း။

၄။ ARV ဆေးဝါးများကို တစ်သက်လုံးသောက်သုံးမည်ဟု ဆုံးဖြတ်ထားသောလူနာ။

၅။ ARV ဆေးဝါးများကို စနစ်တကျပုံမှန်၊ အချိန်မှန်မှီဝဲခြင်းတို့ ဖြစ်ပါတယ်။

 

အထက်ပါအချက်တွေထဲက အဓိက အရေးအကြီးဆုံး အချက်ကတော့ ARV ဆေးဝါးများကို စနစ်တကျ အချိန်မှန်၊ ပုံမှန်စွဲမြဲစွာ မှီဝဲခြင်းပဲဖြစ်ပါတယ်။ ARV ဆေးဝါးများကို စနစ်တကျ စွဲမြဲစွာစားသုံးမှု မရှိတဲ့အတွက်ကြောင့် ဆေးအာနိသင်လျော့ပါးမှု၊ ဆေးယဉ်ပါးမှုတွေ ဖြစ်ပေါ်နေတာကို တွေ့မြင်နေကြရပါတယ်။

 

လေ့လာတွက်ချက်မှုတွေအရ ဆေးအာနိသင် ကောင်းမွန်မှုဟာ ARV ဆေးဝါးတွေကို ပုံမှန်မှီဝဲမှု ရာခိုင်နှုန်းများလေ။ ဆေးကုသမှု
အောင်မြင်လေဖြစ်သည်။ ARV ဆေးတွေရဲ့ အာနိသင်ကို အပြည့်အဝရရှိဖို့ဆိုရင် အနည်းဆုံး မိမိသောက်ရမယ့် ဆေးအရေအတွက်ရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကို


သောက်သုံးမှသာ ရရှိမှာဖြစ်ပါတယ်။ ဒါ့ထက် ပိုလျော့သောက်သုံးပါကဆေးယဉ်ပါးမှုဖြစ်ပြီး ကုသမှုမအောင်မြင်တဲ့အခြေအနေတွေဖြစ်ဖို့ များလာပါတယ်။အကြမ်းဖျင်းပြောရင်တော့ ၉၅ ရာခိုင်နှုန်း ပုံမှန်သောက်သုံးရမယ်လို့ ဆိုတာဟာ တစ်လမှာ သုံးကြိမ်ထက်ပိုပြီး ဆေးမဖြတ်ဖို့ ဆိုလိုတာဖြစ်ပါတယ်။ တစ်ခါမှဆေးမဖြတ်တာ၊ မေ့တာများလာရင် သွေးထဲမှာ HIV ပိုးများ များရင် ဆေးယဉ်ပါးမှုတွေဖြစ်ပေါ်လာပြီး ဆေးမတိုးတော့တဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ARV ဆေးဝါးတွေရဲ့ စနစ်တကျ အချိန်မှန်၊ ပုံမှန်မှီဝဲဖို့ အရမ်းအရေးကြီးပါတယ်။
AIDS ဆေးပေါင်းကုထုံးရဲ့ ပုံမှန်မှီဝဲမှုဆိုတာမှာ အချက်နှစ်ချက်ပါပါတယ်။

 

၁။ ဆေးခန်းဆရာဝန်ကို ပုံမှန်စွဲမြဲစွာ လာရောက်ပြမှု။

၂။ မိမိသောက်သုံးရမယ့် ဆေးဝါးတွေကို မမေ့မလျော့ အချိန်မှန် စနစ်တကျသောက်သုံးမှုတွေပဲ ဖြစ်ပါတယ်။

ARV သောက်သုံးနေတဲ့ လူတိုင်းမှာ ဒီ ARV ဆေးဟာ HIV ပိုးကို နှိမ်နင်းနိုင် ရဲ့လား၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရပြီလား၊ ဆေးအာနိသင် အပြည့်အဝရရဲ့လား ဆိုတာတွေကို ဆရာဝန်က ပုံမှန်ကြည့်ရှု အကဲဖြတ်ဖို့ လိုပါတယ်။
ARV ဆေးဝါးတွေကို ပုံမှန်မှီဝဲသူမဖြစ်အောင် အနှောင့်အယှက်ပေးနေတဲ့ အခက်အခဲများစွာ ရှိပါတယ်။ ဒီအခက်အခဲတွေကို ရှာဖွေပြီး ပြုပြင်ပေးဖို့ အချက်များစွာရှိပါတယ်။ ဒီအခက်အခဲတွေကတော့ -

၁။ သမရိုးကျမဟုတ်သော မမှန်ကန်သည့် ကျန်းမာရေးအယူအဆများ
တချို့ကျတော့လည်း ARV ဆေးဝါးတွေ သောက်သုံးခြင်းဖြင့် အသက်ရှည်တယ် ဆိုတာကို မယုံကြည်ကြပါဘူး။ ကျန်းမာရေးဗဟုသုတနည်းမှုကြောင့် ARV ဆေးဝါးတွေ အပေါ်မှာ ယုံကြည်မှုအားနည်းပြီး ပုံမှန်မသောက်ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း ARV ဆေးဝါးတွေကို သောက်သုံးနေရာက ဘယ်ဆေးဝါးဆေးပင်က HIV/AIDS ရောဂါကို အမြစ်ပြတ်တယ်လို့ အခြေအမြစ်မရှိ ပြောကြတာကိုယုံပြီး ARVဆေးကို ဖြတ်ပစ်ရာက ဒုက္ခရောက်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့်ဝေဒနာရှင်တွေဟာ ရောဂါနဲ့ ပတ်သက်တဲ့အကြောင်း အချက်အလက်တွေကို အမှန်သိရှိနိုင်ဖို့ နားလည်တတ်ကျွမ်းသူများနှင့်သာ တိုင်ပင်သင့်ပါတယ်။ စိတ်ထင်ရာပြောနေကြတဲ့ လူတွေရဲ့စကားကို မယုံသင့်ပါဘူး

 

၂။ စိတ်ဝေဒနာခံစားရခြင်း
တချို့ဝေဒနာရှင်တွေဟာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ အချက်ကြောင့် မိမိအတွက် အကျိုးရှိအောင် ဆေးဝါးတွေကို ပုံမှန်မမှီဝဲတတ်ကြပါဘူး။ ဒီလိုလူတွေအတွက်ဆေးဝါးပုံမှန်မှီဝဲနိုင်အောင် ကူညီပေးမယ့်သူ ရှာဖွေပေးဖို့လိုပါတယ်။

 

၃။ မူးယစ်ဆေးဝါး သုံးစွဲသူများ
မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ဆေးမှားပြီး ARV ဆေးပြတ်တာမျိုး၊ စီးပွားရေး အခြေအနေမကောင်းလို့ ဆေးပြတ်တာမျိုးတွေ ဖြစ်တတ်တာမို့ တတ်နိုင်သမျှ မူးယစ်ဆေးဝါးမသုံးစွဲစဖေို့ ရှာဖွေဖော်ထုတ်ကုပေးရန် လိုပါတယ်။

 

၄။ သောက်သုံးရမယ့် ဆေးဝါးလုံးရေများပြားခြင်း
ARV ပေါ်စက ဆေးတစ်ခါသောက် ၁၄၊ ၁၅ လုံးကို တစ်နေ့သုံးကြိမ်လောက်သောက်ကြရပါတယ်။ ဒီလိုကြာကြာသောက်လာတဲ့အခါ လူနာက ငြီးငွေ့ပြီးဆေးသောက်ရာမှာ ကြောက်လာတတ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ တစ်နေ့တစ်လုံးပဲ သောက်ရတဲ့ဆေး၊ တစ်နေ့တစ်လုံး နှစ်ကြိမ်သာသောက်ရတဲ့ဆေး အစရှိတာကို ဖော်ထုတ်အသုံးပြုလာခြင်းဖြင့် ဆေးပုံမှန်သောက်ချင်လာအောင် ပြုလုပ်လာကြပါတယ်။

 

၅။ ရှုပ်ထွေးသော ဆေးသောက်ရမည့်ပုံစံများ
ဆေးဝါးတွေကို နာရီအချိန်အနည်းငယ်အတွင်း မကြာခဏသောက်သုံးရခြင်း၊ရှောင်ကြဉ်ရမည့် အစားအစာများရှိခြင်း၊ ရှုပ်ထွေးသောညွှန်ကြားချက်များကို လိုနာခြင်း အစရှိတာတွေဟာ ဆေးပုံမှန်သောက်သုံးမှုကို အနှောင့်အယှက်ပေးတတ်တာမို့ လွယ်ကူရှင်းလင်းတဲ့ သောက်ရလွယ်ကူတဲ့ ဆေးဝါးများကိုသာ ပေးဖို့လိုပါတယ်။

 

၆။ ဆေး၏ ဘေးထွက်ဆိုးကျိုးများ
ARV ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆေးသောက်မှုကို ထိခိုက်စေနိုင်တဲ့အတွက် ဘေးထွက်ဆိုးကျိုးနည်းပါးတဲ့ ဆေးတွေကိုသာ ဦးစားပေး သုံးစွဲရပါတယ်။

 

၇။ ဆေးဝါးကုန်ကျစရိတ်
ARV ဆေးဝါးတွေဟာ စျေးကြီးမြင့်တာကြောင့် ဆေးဝါးမမှီဝဲခင် ကုန်ကျမယ့်ငွေကြေး၊ ကိုယ်ရရှိမည့်ငွေကြေး ချိန်ဆဖို့လိုသလို၊ လိုအပ်ရင် အခမဲ့ ARV ဆေးဝေပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နိုင်ဖို့ စုံစမ်းထာရန်လည်း လိုပါတယ်။

 

၈။ ဆေးဝါးပြတ်တောက်ခြင်း
အကြောင်းအမျိုးမျိုးကြောင့် သောက်သုံးနေတဲ့ ဆေးဝါးတွေပြတ်တောက်မှုမရှိစေရေး ကြိုတင်စီမံထားဖို့လည်း လိုပါတယ်။

 

၉။ ARV ဆေးဝါးများကို တစ်သက်လုံး သောက်သုံးရမည်မှန်း မသိခြင်း
တချို့လူနာများဟာ ARV ဆေးဝါးတွေကို မှီဝဲနေပေမယ့် တစ်သက်လုံး မပြတ်မှီဝဲရမယ်ဆိုတာ မသိကြပါဘူး။ ဒါကြောင့် စိတ်ထင်သလို မှီဝဲရာက
ဆေးယဉ်ပါးမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

 

၁၀။ ARV အကြောင်း နှစ်သိမ့်ဆွေးနွေး ပညာပေးမှုမရှိဘဲ ဆေးဝါးတိုက်ကျွေးခြင်း
ARV ဆေး စတင်မမှီဝဲခင် သိထားသင့်ရောဂါများ အကြောင်းဆေးအကြောင်းတွေကို လူနာ သေချာချာနားလည်ဖို့လိုပါတယ်။ အဲဒီလို ဆွေးနွေးပညာပေးမှုမရှိဘဲ ဆေးဝါးတိုက်ကျွေးမှုဟာ အဆိုးဘက်ကိုသာ ဦးတည်သွားစေမှာဖြစ်ပါတယ်။

 

၁၁။ ဆေးဝါးသောက်ရန်မေ့လျော့ခြင်း
မေ့တတ်တဲ့သူတွေမှာ ဆေးပုံမှန်သောက်ဖို့ သတိပေးရန် နာရီနှိုးစက်ပေးခြင်း၊ မိတ်ဆွေသူငယ်ချင်းများကို အကူအညီတောင်းခြင်းတို့ ပြုလုပ်ဖို့လိုပါတယ်။ ခရီးသွားလာရာမှ ဆေးဝါးတွေကို မမေ့မလျော့ သယ်ဆောင်ထားလို့လည်း လိုပါတယ်။ လိုအပ်ရင် ဆေးသောက်မှတ်တမ်း စာအုပ်ကလေးလုပ်ထားဖို့ လိုပါလိမ့်မယ်။ဆေးယဉ်ပါးတဲ့ HiV ပိုးတွေ မပေါ်စေဖို့ ARV ဆေးဝါးတွေကို ပုံမှန်စနစ်တကျ မှီဝဲမှုဟာ အသက်တမျှ အရေးကြီးကြောင်း တင်ပြအပ်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
ဒေါက်တာအောင်စန်း
Health for magazine, January 2014, Pg. 147-149


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18