Print

မိုးတစ်ပြိုက်၊ နေတစ်ပြိုက်နဲ့ ခြင်ကိုက်ခံရတဲ့အခါ

  24-Feb-2017
Preview Image

ဒီနှစ်မိုးရွာလိုက်၊ နေပူလိုက်နှင့် ခြင်တွေအကြိုက် ရာသီဥတုကြောင့် ခြင်တွေပေါများစွာ ပေါက်ပွားပြီး ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေအပြင် ခြင်ကိုက်ဒဏ်ရာကြောင့် အရေပြားပြဿနာတွေကိုပါ ရရှိတတ်ပါတယ်။ ခြင်တွေဟာ လူ၊ တိရစ္ဆာန်စတဲ့ သွေးနွေးသတ္တဝါတွေရဲ့ သွေးကိုစုပ်ယူကာ အသက်ရှင်သန် ရပ်တည်ကြရပါတယ်။ ခြင်မများက သာ သွေးကိုစုပ်ယူပြီး မျိုးပွားခြင်းကို ဆောင်ရွက်ကြပါတယ်။ လူတွေရဲ့ ကိုယ်အပူချိန်၊
ချွေး၊ ကိုယ်အနံ့၊ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ လက်တစ်အက်ဆစ်၊ ပတ်ဝန်းကျင် အလင်းအမှောင်တို့က ခြင်တွေကို သွေးစုပ်ယူဖို့ ဖိတ်ခေါ်တဲ့အရာတွေပါပဲ။

 

ခြင်တွေဟာ သွေးစုပ်ယူဖို့အတွက် လူတွေရဲ့ အပေါ်ယံအရေပြားအောက်က ဆံခြည်မျှင်သွေးကြောလေးတွေကို အဓိကပစ်မှတ်ထားပြီး သူတို့ရဲ့ သေးငယ်လှတဲ့ နှုတ်သီးလိုအချွန်နဲ့ ပါးလွှာတဲ့အရေပြားကို ထွင်းဖောက်ပြီး သွေးကိုကျဲစေသော တံတွေးရည်ကို ထိုးသွင်းလိုက်ပါသည်။ သူတို့စုပ်ယူနိုင်တဲ့အထိ သွေးကျဲသွားမှ အားရပါးရ စုပ်ယူသောက်သုံးပါတယ်။ ဒီလိုသွေးကျဲစေဖို့ ခြင်ကထိုးသွင်းလိုက်တဲ့ တံတွေးရည်ထဲမှာ ပါဝင်တဲ့ ဓာတုဓာတ်တွေကြောင့် ခြင်ကိုက်ခံရတဲ့နေရာမှာ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်း တို့ကို ခံစားရတတ်ပါတယ်။ ဒါအပြင် ခြင်က သယ်ဆောင်လာတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ခြင်ကိုက်ခံရတဲ့နေရာမှာ ပိုးဝင်ကူးစက်မှုရှိပြီး impetigo ခေါ် ယားဖုလေး များ ပေါက်လာတတ်တဲ့အပြင် အရေပြားဆဲလ် ရောင်ရမ်းတာဖြစ်တဲ့ Cellulitis အရေပြားပြဿနာကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

 

ခြင်ကိုက်ခြင်းကြောင့် ယားယံမှုကိုခံစားရပြီး အယားပြေအောင် လက်သည်း ဒါမှ မဟုတ် ချွန်ထက်တဲ့အရာတွေနဲ့ ကုတ်ခြစ်မိတာကြောင့် အရေပြား ပွန်းပဲ့ဒဏ်ရာမှ တစ်ဆင့် မှိုပိုးနဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်ခံရပြီး နှင်းခူကဲ့သို့ အရေပြားပြဿနာကို လည်း ခံစားရနိုင်ပါတယ်။ 

 

ကာကွယ်မှု
ခြင်ကိုက်၍ဖြစ်သော ဓာတ်မတည့်ခြင်းကြောင့် အရေပြားရောဂါနဲ့ အခြားသောဝေဒနာများကို ကာကွယ်ရန်အတွက် ပထမဦးဆုံး လုပ်ဆောင်ရမှာက အိမ်တွင်းအိမ်ပြင် ရေဆိုးရေသန့်၊ ရေခိုအောင်းနေနိုင်တဲ့ နေရာတွေကို ရေမကြာခဏ လဲလှယ်ခြင်း၊ အဖုံးဖုံးအုပ်ထားခြင်း၊ ရေဆိုးမြောင်းများဖော်ခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။ အကျင်္ ီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ခြေဖျားလက်ဖျား ဖုံးသည်အထိ ဝတ်ဆင်ပါ။ အိမ်တွင်းအိမ်ပြင် ခြင်ခိုအောင်းနိုင်သော နေရာများကို ရှင်းလင်းဖယ်ရှားပါ။ အိပ်ခန်းတွင်း၊ အိမ်တွင်းကို အလင်းရောင် ကောင်းကောင်းရအောင် ပြင်ဆင်ပါ။ တတ်နိုင်ပါက ပြတင်းတံခါးနှင့် အိမ်တံခါးမကြီးကို ခြင်လုံဆန်ခါ တပ်ဆင်ပါ။ အိမ်ပတ်ဝန်းကျင်နှင့် ခြံတွင်းခြံပြင်ကို နှစ်ပတ်တစ်ခါ ဒါမှမဟုတ် တစ်လတစ်ခါ ခြင်ဖျန်းဆေး ဖျန်းပါ။

 

ကုသမှု
ကုသမှုအပိုင်း အနေနဲ့ ခြင်ကိုက်ခံရတဲ့အခါ ယားယံခြင်းဝေဒနာ သက်သာအောင် Hydrocortisone ဒါမှမဟုတ် Calamine Lotion တွေကို လိမ်းနိုင်ပါတယ်။ ရောင်ရမ်း မှုတွေကို သက်သာဖို့ ရေခဲကပ်ပေးပါ။ ခြင်ပေါက်ဖွားမှု ပိုများတဲ့ ရာသီဥတုမှာ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်တဲ့အခါ ခြင်ကိုက်ခံရတာ ပိုများတတ်ပါတယ်။ လူကြီး၊ လူငယ်၊ ကလေးမရွေး ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါတို့ကို ခံစားရနိုင်သလို ယားနာ၊ အင်ပျဉ်နာ၊နှင်းခူစတဲ့ အရေပြားပြဿနာတွေကိုလည်း ခံစားရနိုင်တာကြောင့် ခြင်ကိုက်ခံ ရတာကို ပေါ့ဆမနေဘဲ ကာကွယ်မှုအပြင် ကုသမှုကိုလည်း ထိထိရောက်ရောက် ခံယူကြဖို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
သွန်းသော်တာ (B.N.Sc)
Ziwaka magazine, September 2015, Pg.68-70


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18