ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရသူ၏ ဆောင်ရန် ရှောင်ရန်များ
27-Feb-2017
လူတစ်ယောက် ဝမ်းပျက်ဝမ်းရောင် ဖြစ်သည်ဟုဆိုပါက ဆရာဝန်ထံ သွားပြလျှင် ချက်ချင်းပင် ဝမ်းပိတ်ဆေးတစ်မျိုးမျိုးကို အညွှန်း ရေးပေးလိုက်ဖို့ များသည်။ ထိုကိစ္စမှာ ယခင်က လုပ်လေ့ရှိခဲ့သော အလုပ်မျိုး ဖြစ်သည်။ ယခုသော် ဝမ်းပိတ်ဆေး ပေးမည့်အစား “ဝမ်းသွားနေတာ ဆက်သွားပါစေ” ဟု ဆရာဝန်က ပြောဖို့များတယ်။
ဆီယက်တဲလ်မြို့ ဝယ်လင်တန် ဆေးတက္ကသိုလ်မှ ဆေးဝါးဓာတုဆိုင်ရာ ပါမောက္ခက “ရုတ်တရက် ဝမ်းပျက်ဝမ်းလျှောဖြစ်တာဟာ ခန္ဓာကိုယ်က ကာကွယ်ပေးတဲ့ ဖြစ်စဉ်ပဲ။ ကိုယ်ထဲက မကောင်းတာတွေကို သူ့ဖာသာ ထုတ်ပေးတဲ့ သဘောပါ” ဟု ဆိုထားသည်။ ထိုသို့ပြောလိုက်လျှင် ခံစားရသော ဝေဒနာရှင်က လက်ခံချင်မှ လက်ခံမည်။
သို့သော် ဖြစ်လေ့ဖြစ်ထရှိသော အာဂန္တု လက္ခဏာမျိုးကို သည်းခံပြီး ပျောက်အောင် စောင့်လိုက်ပါဟု ဆရာဝန်များက ပြောဆိုခြင်း ဖြစ်သည်။ ဤသို့မဟုတ်ဘဲ အလျင်စလို သွားလာစရာရှိသောကြောင့် ဝမ်းဒုက္ခ သက်သာလိုသူတို့ အတွက်ကိုလည်း အချို့ဆေးများ ညွှန်းပေးထားပါသည်။
၁။ နွားနို့ကို ခြေရာကောက်ပါ
ဝမ်းပျက်ဝမ်းလျှော ဖြစ်ရသော အကြောင်းများတွင် နွားနို့သည် အကြောင်းရင်း တစ်ခုအဖြစ် ထိပ်ဆုံးကပါသည်။ နွားနို့သောက်ပြီးနောက် မကြာမီပင် ဝမ်းဗိုက်ပွ ၍ လေနာကာ ဝမ်းသွားခြင်း ဖြစ်ရတတ်သည်။ ထိုသို့ မဖြစ်စေရန် လက်တို့စ်ဓာတ် ပါသော အစာများကို ရှောင်ဖို့ဖြစ် သည်။ ထိုအစာများမှာ ဒိန်ချဉ်နှင့် နှစ်ချို့နေသော ဒိန်ခဲတို့ မပါဝင်ပေ။
၂။ မှီဝဲနေကျ ဆေးများကို သတိပြုပါ
လေပူထသောကြောင့် အစာအိမ်ချဉ်ရည် ဖြေဆေးဖြစ်သည့် အင်တာစစ် (Antacid) ဆေးမျိုးကို စားထားမိလျှင် အစာအိမ်နှင့် အူလမ်းကြောင်းတို့ အတွင်း ၌ဖြစ်သော ပြဿနာများကြောင့် ဝမ်းပျက်ဝမ်းလျှော ရရှိနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ရသည့် ကိစ္စများတွင် ပဋိဇီဝဆေးများ၊ ကွီနီဒင်း (Quinidine)၊ လက်တူလို့စ် ( Lactulose) နှင့် Colchicine ဆေးတို့လည်း ပါဝင်တတ်သဖြင့် ဆေး၏ သဘာဝကို ဆရာဝန်နဲ့တိုင်ပင် ၍ မေးမြန်းပြီးမှ စားသုံးသင့်သည်။
၃။ ဟင်းချိုရည် ကျဲကျဲ သောက်ပါ
ကြက်ပြုတ်ရည် ဟင်းချိုကဲ့သို့ အရည်ကျဲကျဲကို စသောက်ဖို့ အကြံပေးသည်။ ထိုသို့ သောက်သုံးခြင်းဖြင့် အူများကို အနားရစေသည်။ မနိုင်ဝန်ကို မထမ်းစေရအောင် ပြု လုပ်ပေးခြင်းလည်း ဖြစ်သည်။ ထိုကဲ့သို့ အရည်ကျဲကျဲ ဟင်းချိုရည်ကို စ၍သောက်ပြီးနောက် ဆန်ပြုတ်၊ ငှက်ပျောသီး၊ ပန်းသီးဆော့စ်၊ ဒိန်ချဉ် စသည်တို့ကို ဝမ်းဗိုက်ကောင်းလာသည်နှင့် အမျှ တိုး၍စားနိုင်သည်ဟု ဆိုသည်။
၄။ ရေများများ သောက်ဖို့
ထိုအချိန်၌ စားသောအစာထက် အရေးကြီးသည်မှာ ရေသောက်ဖို့ဖြစ်သည်။ များသောအားဖြင့် လူတို့သည် များများ သောက်လိုစိတ် မရှိကြသော်လည်း ဝမ်းပျက် ဝမ်းလျှောဖြစ်နေသော ကာလ၌ ကာကွယ်နိုင်မည်ဖြစ်သည်ကို ကျွမ်းကျင်သူအားလုံးက သဘောရကြသည်။ သောက်သုံးသော ရေခဲတွင် ဆားအနည်းငယ်နဲ့ သကြားအနည်းငယ် ပါဝင်လျှင် ပို၍ ကျေးဇူးဖြစ်နိုင်သည်။ အကြောင်းမှာ သတ္တုဓာတ်များ လျော့ပါးဆုံးရှုံးခြင်း ကို ဖြည့်ပေးနိုင်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ရေဓာတ် မဆုံးရှုံးရန် သောက်သုံးရမည့် ရေပုလင်း တစ်ပုလင်းတွင် သကြား၊ လက်ဖက်ရည် ဇွန်းတစ်ဇွန်းနှင့် ဆားအနည်းငယ် ထည့်၍ မွှေရုံပင်ဖြစ်သည်။ ထိုထက်ပို၍ အရသာရှိအောင် သောက်သုံးရန်မှာ ဖျော်ထားသော အရည်ထဲတွင် ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်၍မွှေပြီး သောက်ရန်ဖြစ်သည်။
၅။ ရှောင်ရန် အစားအစာများ
ရေသောက်ဖို့က အစာစားဖို့ထက် အရေးကြီးသော်လည်း သောက်ဖို့နည်းတူ အစာစားဖို့က အရေးကြီးသောအခါ အချို့အစားအစာများကို ရှောင်ကြဉ်ရမည်။ ရှောင် သင့်သော အစားအစာများထဲတွင် ပဲအမျိုးမျိုး၊ ပဲပင်ပေါက်တို့ဖြစ်သည်။ အစားအစာများ ထဲတွင် ကာဗိုဟိုက်ဒရိတ် အနည်းငယ်ပါသော အစားအစာတို့မှာလည်း ဝမ်းပျက်ဝမ်းလျှော ပိုမိုဖြစ်စေသည်။ အခြားသော ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများ၊ ပန်းသီးများ၊ သစ်တော်သီးများ၊ ဆန်မှုန့်နှင့် ပြုလုပ်ထားသော အစားအစာများကိုလည်း ထိုစာရင်းတွင် ပါဝင်သည်။ ကိုယ်က အိုက်စကရင် ရေခဲမုန့် စားချင်သည် ဆိုပါစို့။ နို့ထွက်ပစ္စည်း ဖြစ်သောအစားအစာကို ရှောင်ရမည်ဖြစ်သဖြင့် ဒိန်ချဉ်မှလွဲ၍ မစားသင့်ပေ။ နို့ထွက်ပစ္စည်း များသည် သူ့အလိုအလျောက်အားဖြင့် ဝမ်းပျက်ဝမ်းလျှောကို မဖြစ်စေသော်လည်း ဖြစ်နေစဉ် ခဏ၌ ရောဂါကို ပို၍ ဆိုးစေနိုင်သည်။ ထိုနို့ထွက်ပစ္စည်းများကို ရှောင်ပါ။
၆။ ကာဗိုနိတ်လုပ်ထားသော အချိုရည်များကို ရှောင်သင့်သည်
ပုလင်းသွတ် အချိုရည်ထဲတွင် ပါရှိသော ဓာတ်ငွေ့များသည် ရောဂါဖြစ်နေစဉ်၌ ပို၍ ဆိုးစေလေသည်။
၇။ မီးဖိုချောင်ထဲ မဝင်ပါနှင့်
အစားအသောက် ကိစ္စနှင့်ပြောရလျှင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသူ ကိုယ်တိုင်ဖြစ်စေ၊ အိမ်သူအိမ်သားများအားဖြစ်စေ အစားအသောက် များကို ကိုင်တွယ် ချက်ပြုတ်ခြင်း မှ ရှောင်ကြဉ်သင့်သည်။ လက်များကို ကောင်းစွာ ဆေးကြောသန့်စင်ပေးခြင်း က ရောဂါ ကူးစက်ပြန့်ပွား ခြင်းကို ကာကွယ်နိုင်သည်။ အနောက်နိုင်ငံများတွင် အချက်အပြုတ် ဝန်ဆောင်မှု လုပ်ငန်းများ၌ ဤကဲ့သို့ ရောဂါမျိုးဖြစ်လျှင် ဥပဒေအရ အလုပ်ဆင်းခွင့်မရှိပေ။
၈။ အရေးတကြီးလိုအပ်မှ ဝမ်းပိတ်ဆေးကို သုံးပါ
ဆိုခဲ့သည့်အတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းမှာ သူ့အလိုလို ရပ်တန့်သွားနိုင်သဖြင့် ကျွမ်းကျင်သူတို့က ထိုသို့သော လုပ်စေလိုကြသည်။ ထို့ကြောင့် အရေးကြီး ကိစ္စရှိ၍ သွားစရာရှိသည့် အခြေအနေမျိုးတွင်သာ ဝမ်းပိတ်ဆေးကို အသုံးပြုသင့်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မောင်ဆုရှင်မြန်မာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲစာအုပ်မှကောက်နုတ်ထားပါသည်။