သတိထားစရာ တုပ်ကွေးဖျားနာ အအေးမိဝေဒနာ
27-Feb-2017
အရမ်းပူလို့ပဲဖြစ်ဖြစ်၊ အရမ်းအေးလို့ပဲဖြစ်ဖြစ် အပူအအေးရာသီဥတုပြဿနာကြောင့် မကြာခဏ ဖြစ်နေကြတာကတော့ ကျန်းမာရေးပြဿနာပဲ ဖြစ်ပါတယ်။ မိုးမိခြင်း (အချိန်ကြာမြင့်စွာ ရေစိုခံရခြင်း) ကြောင့်လည်း အအေးမိနိုင်သလို ချွေးထွက်များခြင်းကြောင့်လည်း အအေးမိဖျားနာခြင်းကို ရင်ဆိုင်ရလေ့ရှိပါသည်။
အအေးမိခြင်း
အအေးမိခြင်း လက္ခဏာတွေ ကတော့ နှာရည်ကျခြင်း၊ နှာပိတ်ခြင်း၊ လည်ချောင်း နာခြင်း၊ နှာချေခြင်း၊ အပျော့စားမှာ အလယ် အလတ်ခန့် ကိုယ်ပူခြင်း (ဖျားနာခြင်း)၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ အနည်းငယ် မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်ပါတယ်။ အအေးမိ ဖျားနာခြင်းဝေဒနာတွေက အခုလိုကျောင်းဖွင့်ချိန်၊ ရာသီအကူးအပြောင်းမှာ ပိုဖြစ်တတ်ပါတယ်။ ပိုပြီး ကူးစက်ပြန့်ပွားလွယ်ပါသည်။ နှာရည်ယိုခြင်း၊ နှာစေးခြင်းကနေ ကူးစက်တဲ့ Rhinovirus က နှာရည်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်သလို ရောဂါခံစားရသူများ အနေနဲ့ ထိတွေ့မှု များပြားခြင်းမှလည်း ကူးစက်နိုင်ပါတယ်။
အအေးမိဖျားနာခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး အများဆုံး ကပ်ငြိရှင်သန် နေထိုင်နေတာကတော့ လက်ကိုင်ပဝါ၊ တစ်သျှူးနဲ့ လက်ကိုင်ဖုန်း တွေမှာ နာရီပေါင်းများစွာ ကပ်ငြိရှင်သန်နိုင်တာကို သတိပြုသင့်ပါတယ်။ ဝေဒနာရှင်တွေ နှာချေခြင်း ချောင်းဆိုးခြင်းကြောင့်လည်း လေထဲတွင် ရောဂါပိုးများ ပျံ့နှံ့ခြင်းကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။
အအေးမိဝေဒနာ ခံစားနေရလျှင် နှစ်ရက်ကနေ သုံးရက်လောက်အထိ ကြာတတ်တာကြောင့် ဒီ ၂ ရက်၊ ၃ ရက်အတွင်း အိမ်မှာပဲ နားနေဖို့ လိုပါတယ်။ အအေးမိတာကို မြန်မြန်သက်သာအောင် သဘာဝ အားဖြည့်ဆေးတွေဖြစ်တဲ့ ဇင့်ဓာတ်၊ ဗီတာမင်စီတို့ကို မှီဝဲပေးနိုင်ပါတယ်။ ဆေးဆိုင်မှာ ဝယ်ယူနိုင်လို့ရတဲ့ ဆေးဝါးတွေဖြစ်တဲ့ (Antihistamine, Decogestants, Acetaminophen (paracetamol) နဲ့ စတီးရွိုက် မပါတဲ့ ရောင်ရမ်းနာကျင်မှု ပျောက်ဆေးများ) ကတော့ အအေးမိခြင်းကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းတွင်း ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းနဲ့ အခြား အအေးမိလက္ခဏာ ဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
တုပ်ကွေးမိခြင်း
Influenza (သို့) Flu လို့ခေါ်တဲ့ တုပ်ကွေးမိ ဖျားနာခြင်းမှာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းခြင်းဖြစ်ပါသည်။ ဗိုင်းရပ်စ်ပိုး ဝင်ခြင်းကြောင့်ဖြစ်ပြီး ဘက်တီးရီးယားပိုး ထပ်ဆင့်လည်း ဝင်ရောက်ခဲ့ရင်တော့ နမိုးနီးယားလို ပြင်းထန်တဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ရင်ကျပ်ပန်းနာ ရောဂါရှင်တွေ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ ရှိသူတွေလို ခုခံအားကျဆင်းနေတဲ့ သူတွေမှာ ပိုပြီးသတိထားရမှာ ဖြစ်ပါတယ်။
တုပ်ကွေးဟာ ရိုးရိုးအအေးမိ ဖျားနာတာနဲ့ မတူပါဘူး။ အအေးမိဖျားနာက ရာသီ မရွေးဖြစ်တတ်ပြီး တုပ်ကွေးကတော့ ယေဘုယျအားဖြင့် ဆောင်းရာသီမှာ ဖြစ်လေ့ရှိပါတယ်။ တုပ်ကွေးရောဂါ လက္ခဏာ တွေကတော့ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်ပူကြီးခြင်း၊ (ခြွင်းချက်အနေနဲ့ တုပ်ကွေးဖြစ်သူတိုင်း အဖျားမကြီးနိုင်ပါ) လည်ချောင်းနာခြင်း၊ ချမ်းတုန်ခြင်း၊ ကိုယ်လက်များ ပြင်းထန်စွာ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ အလွန်အမင်းနုံးချည့်ခြင်း ( နှစ်ပတ်ခန့် ကြာမြင့်နိုင်) အချို့သောသူတွေမှာ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း များကို ခံစားရနိုင်ပါတယ်။
တုပ်ကွေးဖြစ်ခြင်း အမြန်ဆုံး သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အနားယူပြီး ရေဓာတ်များများ ဖြည့်ပေးဖို့ပါပဲ။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ Ibuprofen, paracetamol, antihistamine ပါဝင်တဲ့ ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ Aspirin ကိုတော့ လုံးဝ မသောက်သုံးသင့်ပါဘူး။ အောက်ဖော်ပြပါ အခြေအနေတွေ ဖြစ်လာခဲ့ရင်လည်း ဆရာဝန်ဆီ အမြန်ဆုံး သွားရောက်သင့်ပါဘူး။
၁။ အသက်ရှူရ ခက်ခဲလာခြင်း
၂။ လည်ချောင်းနာတာ ပိုပြင်းထန်လာခြင်း
၃။ ချောင်းဆိုးစဉ် ချွဲသလိပ် အစိမ်းရောင် ထွက်ခြင်း
၄။ အဖျားကြီး၍ ကိုယ်ပူ လုံးဝမကျခြင်း
၅။ ရင်ဘတ်ထဲတွင် မအီမသာ ခံစားရခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာရှင်းသန့်ဖြူ
Ziwaka magazine, June 2016, No.257