Print

Covid_19 ကာကွယ်ဆေးနှင့်ပတ်သက်၍ အမေးများသောမေးခွန်းများ

  12-Oct-2021
Preview Image

Q- Covid positive ရယ် Common cold seasonal flu တစ်ခုခုဖြစ်ပီးရင် ကာကွယ်ဆေးထိုးဖို့ အချိန်ယူဖို့လိုပါသလား? လိုရင် ဘယ်လောက်စောင့်ရပါသလဲ သိလိုပါတယ်။

Ans- ကိုဗစ်ရောဂါ ခံစားရသူများတွင် ရောဂါလက္ခဏာများ သက်သာကောင်းမွန်လာပြီး အခြားသူများထံသို့ ရောဂါကူးစက်နိုင်ခြေမရှိသည့်အချိန် -


 သာမာန်လက္ခဏာများ ခံစားရသူများ၌ ရောဂါလက္ခဏာစတင်ချိန်မှ ၁၀ ရက်ကြာ + အဖျားကျပြီး နောက်တစ်ရက် (သို့မဟုတ်)


 ပြင်းထန်လက္ခဏာများ ခံစားရသူများ၌ ရောဂါလက္ခဏာစတင်ချိန်မှ ၂၀ ရက်ကြာတွင် ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ပါတယ်။


 သို့ရာတွင် သွေးရည်ကြည်ကုထုံးဖြင့် ကုသခံရသူများ၌ ရက်ပေါင်း ၉၀ ကျော်ကြာမှသာ ကာကွယ်ဆေးထိုးနှံရမှာ ဖြစ်ပါတယ်။


- Common cold သို့မဟုတ် seasonal flu ခံစားနေရပါက ကာကွယ်ဆေးမထိုးသင့်ပါ။ ရောဂါလက္ခဏာများ သက်သာပျောက်ကင်းပြီးမှသာလျှင် ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးနှံရမှာ ဖြစ်ပါတယ်။




Q- ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားပြီး ဘယ်နှရက်ကြာမှ Covid-19 ကာကွယ်ဆေး ထိုးလို့ရလဲ

Ans- ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားပါက ၇ ရက်ခန့် ခြားပြီးချိန်မှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း ကျွမ်းကျင်ပညာရှင်များမှ အကြံပြုထားပါတယ်။




Q- ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီး ဒုတိယအကြိမ် (4 ပတ်ထက်ကျော်) ထိုးဖို့ ရက်ကျော်သွားပြီး မထိုးလိုက်ရရင် ဆေးမတူတဲ့ ကာကွယ်ဆေးကို ဘယ်လောက်ကြာမှာ ပြန်ထိုးလို့ရလဲ ပြန်ထိုးရင် နှစ်ကြိမ်ထိုးရမလား? ဆေးတူရင်ရော ဘယ်နှကြိမ်ပြန်ထိုးရမလဲ? တစ်ကြိမ်ပဲထိုးရမလား၊ နှစ်ကြိမ်ထိုးရမလား?

Ans- ဒုတိယအကြိမ် ဆေးထိုးရမည့် အချိန်အတွက် သတ်မှတ်ရာတွင် ကာကွယ်ဆေးတစ်မျိုးနှင့် တစ်မျိုး မတူညီကြပါ။ အချို့မှာ ၂၁ ရက်တွင် ထိုးရလေ့ရှိပြီး အချို့မှာ ၂၈ ရက်မှ ၄၂ ရက်ကြားတွင် ထိုးရလေ့ရှိပါသည်။ သတ်မှတ်ထားသောရက်အတွင်း ထိုးနှံပါက ကာကွယ်မှု အကောင်းဆုံးရနိုင်ပါတယ်။


- သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားသော ရက်အပိုင်းအခြားအတွင်း မထိုးခဲ့ရပါက အနီးစပ်ဆုံး အမြန်ဆုံး ဒုတိယအကြိမ် ထိုးကြဖို့ကို ကျွမ်းကျင်ပညာရှင်များမှ အကြံပြုထားပါတယ်။


- ထိုအတွက် သုတေသနများ ခိုင်ခိုင်မာမာမရှိသေးသော်လည်း ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးနောက် ဆက်လက်မထိုးနှံခြင်းထက် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခြင်းက ခုခံအား ပိုမိုရရှိနိုင်မည်ဟု ပညာရှင်များက ယူဆထားကြပါတယ်။


- ထို့အပြင် လတ်တလော နိုင်ငံတကာတွင် လေ့လာမှုများအရ မတူညီကွဲပြားသော ကာကွယ်ဆေးနှစ်မျိုးကို သတ်မှတ်ထားသော ရက်အတွင်းတွင် နှစ်ကြိမ် (ပထမအကြိမ်တွင် တစ်မျိုး၊ ဒုတိယအကြိမ်တွင် နောက်တစ်မျိုး) ထိုးပြီးနောက် အခြားကာကွယ်ဆေးတစ်မျိုးဖြင့် ထပ်မံအားဖြည့်ထိုးပါက ခုခံအားပမာဏ ပိုမိုရရှိကြောင်း တွေ့ရှိထားရပါတယ်။ သို့သော် လေ့လာဆဲ အခြေအနေတွင်ပင် ရှိနေပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ထိုကဲ့သို့ ကာကွယ်ဆေးထိုးရန် အကြံပြုထားခြင်း မရှိသေးပါ။


Q- . ကာကွယ်ဆေးမထိုးခင် Covid Positive ဟုတ် မဟုတ်စစ်ဆေးဖို့လိုပါသလား။

Ans- ကာကွယ်ဆေးမထိုးခင် Covid Positive ဟုတ်၊မဟုတ် #ဓာတ်ခွဲစစ်ဆေးဖို့မလိုအပ်ပါ။


အကယ်၍ ကိုဗစ်ရောဂါ လက္ခဏာများ လက်ရှိခံစားနေရခြင်း သို့မဟုတ် ကိုဗစ်ရောဂါပိုး တွေ့ရှိရသူများတွင် ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းရမည့် အချိန်နှင့် ပတ်သက်၍ ( Covid positive ရယ် Common cold seasonal flu တစ်ခုခုဖြစ်ပီးရင် ကာကွယ်ဆေးထိုးဖို့ အချိန်ယူဖို့လိုပါသလား? လိုရင် ဘယ်လောက်စောင့်ရပါသလဲ သိလိုပါတယ်။ )အဖြေတွင် ဖတ်ရှုပေးပါ။


Q- Covishield ကို 25.1.2021တစ်ကြိမ်ထိုးထားတယ်။ ဒုတိယအကြိမ်မထိုးဖြစ်ဘူး။

အခု ပြန်ထိုးမယ်ဆိုရင် Covishieldမရရင် တခြားကာကွယ်ဆေးထိုးလို့ရမလား။ တခြားကာကွယ်ဆေးက တရုတ်ဆေးဆိုရင် ထိုးရမလားသိချင်ပါတယ်။


Ans- Covishield မရနိုင်တော့ပါက အခြားစိတ်ချရသော ကာကွယ်ဆေးဖြင့် ထိုးနှံရပါမယ်။ Sinopharm (Beijing Institute of Biological Products Co-Ltd) ကိုဗစ်ကာကွယ်ဆေးကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းဆိုင်ရာခွင့်ပြုချက်ထုတ်ပေးပြီး ဖြစ်ပါတယ်။ Sinopharm (Wuhan Institute of Biological Products Co Ltd) ကာကွယ်ဆေးကိုမူ #အသိအမှတ်မပြုထားသေးပါ။


ထို့ပြင်ကာကွယ်ဆေး၏ အရည်အသွေးစိတ်ချရမှု ရှိ/မရှိ၊ စနစ်တကျ သိုလှောင်ထားမှု ရှိ/မရှိ၊ ဆေးထိုးရန် စနစ်တကျ စီစဉ်ထားမှု ရှိ/မရှိ၊ ဆေးထိုးပေးမည့်သူများ၏ စိတ်ချရမှုရှိ/မရှိ စသည်တို့ပေါ်မူတည်၍ ယုံကြည်ရနိုင်ပါက ထိုးနှံနိုင်ပါတယ်။


Q- အခု ထိုးပေးနေတဲ့ Sinopharm Vero Cell ကာကွယ်ဆေး ဟာ China only approve ဆိုတာ ဟုတ်ပါသလား ၊ ထိုးသင့်ပါသလား။

Ans- Beijing Institute of Biological Products Co-Ltd မှ ထုတ်လုပ်သော Sinopharm ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ #အရေးပေါ်အသုံးပြုခြင်းဆိုင်ရာခွင့်ပြုချက်ထုတ်ပေးပြီး ဖြစ်ပါတယ်။ Wuhan Institute of Biological Products Co Ltd မှ ထုတ်လုပ်သော Sinopharm ကိုဗစ်ကာကွယ်ဆေးကိုမူ #အသိအမှတ်မပြုထားသေးပါ။


ထို့ပြင်ကာကွယ်ဆေး၏ အရည်အသွေးစိတ်ချရမှု ရှိ/မရှိ၊ စနစ်တကျ သိုလှောင်ထားမှု ရှိ/မရှိ၊ ဆေးထိုးရန် စနစ်တကျ စီစဉ်ထားမှု ရှိ/မရှိ၊ ဆေးထိုးပေးမည့်သူများ၏ စိတ်ချရမှုရှိ/မရှိ စသည်တို့ပေါ်မူတည်၍ ယုံကြည်ရနိုင်ပါက ထိုးနှံနိုင်ပါတယ်။


Q- ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲစိတ်အစားထိုးထားသူများ ကိုဗစ်ကာကွယ်ဆေး ထိုးလို့မရဘူးလို့ သိထားလို့ပါ။ ဟုတ်ပါသလား။

Ans- မဟုတ်ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲစိတ်အစားထိုးထားသူများတွင် ကိုယ်ခံအားနည်းစေသော ဆေးများ ပေးထားရသဖြင့် ကာကွယ်ဆေးပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှု အားနည်းနေနိုင်သဖြင့် ကာကွယ်ဆေး၏အာနိသင်မှာ လျော့နည်းကောင်းလျော့နည်းနိုင်ပါတယ်။ သို့သော် ၎င်းတို့တွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ပြင်းထန်စွာခံစားရနိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ရန် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက အကြံပြုထားပါတယ်။ ၎င်းနှင့် အတူနေမိသားစုဝင်များကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးရန် အကြံပြုထားပါတယ်။ ကာကွယ်ဆေးထိုးပြီးသည့်နောက်ပိုင်းတွင်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်းစသည်တို့ကို လိုက်နာရမှာ ဖြစ်ပါတယ်။


Q- Covid ကာကွယ်ဆေး တခုခုထိုးထားရင် တချို့တွေပြောကြတာ တကယ်လို့ covidဖြစ်ခဲ့ရင်တောင် အရမ်းမပြင်းထန်ဘူးလို့ပြောနေကြတာတွေ့လို့ပါ။ ဖြစ်နိုင်လား။

Ans- လေ့လာမှုများအရ AstraZeneca ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူများ၌ delta မျိုးကွဲ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရခြင်းကို ၉၂ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း တွေ့ရပါတယ်။


Q- ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားပါ။ အခုက ကိုဗစ်ဖြစ်တာ ၁၈ ရက်ရှိပါပြီ။ လူက အကုန်လုံးပြန်လည်ကောင်းမွန်နေပါပြီ။ မေးချင်တာက ကိုဗစ်ပျောက်သွားလို့ရှိရင် အရင်ထိုးထားတဲ့ကာကွယ်ဆေးက အာနိသင်ဆက်ရှိဦးမှာလားသိချင်ပါတယ်။

Ans- ယခင်ထိုးခဲ့သော ကာကွယ်ဆေးကြောင့် ခုခံအား တစ်စုံတစ်ရာရှိနိုင်သော်လည်း ရောဂါပိုးဝင်ရောက်ခြင်းကို အပြည့်အဝမခုခံနိုင်သဖြင့် ယခုကဲ့သို့ ကူးစက်ခံရခြင်းဖြစ်ပါတယ်။ သို့ရာတွင် ကာကွယ်ဆေးထိုးထားသူများ၌ ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနည်းကြောင်း တွေ့ရှိရပါတယ်။ ထို့ကြောင့် ယခင်ထိုးထားခဲ့သော ကာကွယ်ဆေးမှာ ယခုကူးစက်ခံရသော ဗိုင်းရပ်စ်မျိုးကွဲအတွက်ဆိုပါက ကူးစက်ခြင်းကို ကာကွယ်နိုင်သည့် အာနိသင် မရှိတော့ဟု ဆိုချင်ပါတယ်။ ထို့ကြောင့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရပါမယ်။


Q-ကာကွယ်ဆေးက ၂ ကြိမ်လုံးထိုးပြီးပါပြီ။ Second dose ကာကွယ်ဆေးထိုးပြီး ၁ လကြာမှ COVID positive ဖြစ်တာပါ။ အဲ့ဒါ COVID vaccine ထပ်ထိုးဖို့လိုသေးလား။

Ans- ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားသော်လည်း အနည်းစုသောလူတွေ မှာ ရောဂါဖြစ်နိုင်ပါတယ်။ ဒါကို “Vaccine breakthrough cases” လို့ခေါ်ပါတယ်။ မည်သည့် ကာကွယ်ဆေးမဆို ရောဂါကို (၁၀၀) ရာခိုင်နှုန်း မကာကွယ်နိုင်ပါဘူး။ ဘယ်ကာကွယ်ဆေးမဆို လူရဲ့ အသက်အရွယ်၊ ရောဂါအခံရှိ/မရှိ၊ ကိုယ်ခံအားစနစ် စတာတွေအပေါ်မူတည်ပြီး Breakthrough infection တွေရှိတတ်ပါတယ်။ ထို့အပြင် ဗိုင်းရပ်စ်ပိုး မျိုးကွဲများကြောင့်လည်း ရောဂါပိုးကူးစက်ခံရခြင်းများ ဖြစ်နိုင်ပါတယ်။


- လေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိစေပါတယ်။


 ကိုဗစ်-၁၉ ရောဂါကြောင့် ပြင်းထန်စွာနာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းများ လျော့ကျ စေခြင်း၊


 ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းနှင့် အခြားသူများကို ကူးစက်စေခြင်းများ လျော့ကျခြင်း၊


 ကိုဗစ်-၁၉ မျိုးကွဲများမှ ကာကွယ်ပေးခြင်း၊


မေးခွန်းများအရ ကိုဗစ်ကူးစက်ခံရသူ ၂ ဦးလုံးမှာ ပြင်းထန်သော လက္ခဏာများ ခံစားခဲ့ရခြင်း မရှိဟု တွေ့ရပါတယ်။ ကာကွယ်ဆေးကို နောက်တစ်ကျော့ ထပ်မံထိုးရန် မလိုအပ်ပါ။ ကာကွယ်ဆေးအများစုမှာ ဗိုင်းရပ်စ်မျိုးကွဲများကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်သည်ဆိုသော်လည်း ၎င်းတို့ကြောင့် ကူးစက်ခံရခြင်းများ ဖြစ်နိုင်သဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။


Q-ဆင်တုတ်ကွေးကြောင့် HCQs နဲ့ methylprednisolone 6mg ကို daily သောက်နေရပါတယ်၊ ကို‌ဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် အဲ့ဆေးတွေကို ခနရပ်ထားရမလား၊ ရပ်ရင်လဲ ဘယ်နရက်လောက်ထိရပ်ထားဖို့လိုမလဲ သိပါရစေ၊ အဲ့ဆေးတွေက Immunosuppressants တွေအဖြစ် သိထားလို့ပါ။

Ans- ကိုယ်ခံအားလျော့နည်းစေသောဆေးများကြောင့် ကာကွယ်ဆေးပေါ်တွင် ခန္ဓာကိုယ်၏ တုံ့ပြန်မှု အားနည်းနေနိုင်သဖြင့် ကာကွယ်ဆေး၏အာနိသင်မှာ လျော့နည်းကောင်းလျော့နည်းနိုင်ပါတယ်။ အများအားဖြင့် ကိုယ်ခံအားနည်းနေသူများတွင် ကိုဗစ်ရောဂါဖြစ်ပွားပါက ပြင်းထန်စွာခံစားရနိုင်သဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ရန် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက အကြံပြုထားပါတယ်။ သို့ရာတွင် မူလရောဂါ၏ အခြေအနေ၊ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်နှင့် ကာကွယ်ဆေးမထိုးခြင်းကြောင့် ကြုံရနိုင်သည့် အန္တရာယ်များကို ချိန်ဆနှိုင်းယှဉ်ပြီးမှသာ ကာကွယ်ဆေးထိုးသင့်မထိုးသင့်၊ ကိုယ်ခံအားလျော့နည်းစေသောဆေးများ ရပ်သင့်/မသင့် စဉ်းစားရမည် ဖြစ်သဖြင့် ကုသမှုပေးနေသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုပါတယ်။ ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ရန် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်းစသည်တို့ကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်။


Q- ခု sinopharmထိုးမယ့်ဟာသူ၂လုံးစလုံးပေါ့။ သူကdeltaမနိုင်ဘူး။ သိပ်မကြာဘူး။ နောက်တစ်လလောက်နေရင် deltaနိုင်တဲ့တခြားအမျိုးအစားထိုးရသလား။ ဘယ်လောက်ကြာမှ တခြားအမျိုးအစားထိုးသင့်ပါသလဲ။

Ans- Sinopharm ကာကွယ်ဆေး အပါအဝင် ယခုလက်ရှိ အသိအမှတ်ပြုထားသော ကာကွယ်ဆေးများကို ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲများအတွက် ကာကွယ်နိုင်ရန် ထိုးနှံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါတယ်။ သို့သော် Sinopharmကာကွယ်ဆေးကို ၎င်းမျိုးကွဲများပေါ်၌ အာနိသင်ရှိမှု ပမာဏနှင့် ပတ်သက်၍ လေ့လာနေဆဲ ဖြစ်ကြောင်း ဆိုပါတယ်။


Q- ဆာလဖာ ဆီဖလင်ဓာတ်မတည့်ပါဘူး၊ သွေးယိုစီးမှုလည်း ဖြစ်ဖူးပါတယ်။ ကာကွယ်ဆေး ထိုးသင့်/ မထိုးသင့် သိချင်ပါတယ်။

Ans- မိမိတွင် ဓာတ်မတည့်ခြင်း တစ်ခုခု ဖြစ်ဖူးခြင်း (သို့မဟုတ်) သွေးရောဂါတစ်ခုခုရှိခြင်းသည် ကာကွယ်ဆေးမထိုးသင့်ဘူးဟူ၍ ဆိုလိုခြင်း မဟုတ်သည်ကို သိရပါမည်။


- သို့သော် ကာကွယ်ဆေးမထိုးခင်တော့ ထိုအရာများကို ကျန်းမာရေးဝန်ထမ်းများကို ဦးစွာ ပြောပြထားရန် လိုအပ်ပါသည်။ ကာကွယ်ဆေးထိုးထားပြီးလျှင်လည်း ဓာတ်မတည့်မှုဖြစ်ပေါ်ခြင်း ရှိ/မရှိ သေချာစောင့်ကြည့်ဖို့ လိုအပ်ပါသည်။


Q- အိမ်ထောင်သည် ကလေးယူနေသူဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးရင် နှစ်နှစ်လောက် ကလေးမရနိုင်ဘူး ဆိုတာ မှန်ပါသလား။

Ans- မမှန်ပါ။ လက်ရှိ ကိုဗစ်ကာကွယ်ဆေးများကြောင့် မျိုးပွားအင်္ဂါအဖွဲ့အစည်းကို မထိခိုက်နိုင်ပါ။


- ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတွင် ကိုဗစ်ကာကွယ်ဆေးမထိုးမီ မိမိထိုးမည့် ကိုဗစ်ကာကွယ်ဆေးအမျိုးအစားကို ထိုးလို့ ရ/ မရ ဆရာဝန်နှင့် ဦးစွာ တိုင်ပင်ဆွေးနွေးရပါမည်။


Q- လက်ရှိ Warfarin သောက်နေရတဲ့ အသက် ၇၅ နှစ်အရွယ်မှာ လက်ရှိ ထိုးပေးနေတဲ့ ကာကွယ်ဆေးထိုးလို့မရဘူးလို့ ထိုးပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။ ဘယ်ဆေးကို ရွေးချယ်ထိုးရမလဲ။

Ans- သွေးမတိတ်သော ရောဂါ (သို့မဟုတ်) Warfarin၊ Aspirin၊ Clopidogrel ကဲ့သို့ သွေးကျဲဆေးများ သောက်နေရသူများတွင် ကိုဗစ်ကာကွယ်ဆေး မထိုးမီ မိမိရောဂါအကြောင်းကို ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ ကာကွယ်ဆေး ထိုးရပါမည်။


- ထိုသူတို့တွင် ကာကွယ်ဆေးထိုးပြီးနောက် ဆေးထိုးသည့်နေရာတွင် သွေးထွက်ခြင်း (သို့မဟုတ်) သွေးခြေဥခြင်းတို့ ဖြစ်နိုင်သဖြင့် တစ်ဦးချင်းစီ၏ လက်ရှိရောဂါအခြေအနေပေါ် မူတည်၍ ကာကွယ်ဆေးထိုးလို့ ရ/မရ ကွာခြားနိုင်ပါသည်။


Q-  ကာကွယ်ဆေး ထိုးပြီးပြီးချင်း ဘာတွေ ရှောင်ရမလဲ။

Ans- ဖြေ။ #ကာကွယ်ဆေးမထိုးမီတွင်


 ကောင်းစွာ အနားယူပြီး ကျန်းမာစွာ ရှိနေဖို့ လိုအပ်ပါတယ်။ (နေမကောင်းဖြစ်နေပါက ကာကွယ်ဆေးထိုးဖို့ မသင့်ပါ)


 ရောဂါအခံရှိလျှင်သော် လည်းကောင်း၊ စွဲသောက်နေသည့်ဆေး ရှိလျှင်သော် လည်းကောင်း ကျန်းမာရေးဝန်ထမ်းများကို ဦးစွာ အသိပေးပါ။


#ကာကွယ်ဆေးမထိုးမီနှင့် #ထိုးပြီးပြီးချင်းတွင်


 အာဟာရပြည့်ဝစေမည့် အစားအစာ၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို မျှတအောင် စားပါ


 အရက်သောက်ခြင်းကို ရှောင်ကြဉ်ရပါမည် (ရေဓာတ်ခန်းခြောက်စေသည့်အပြင် ပျို့အန်ခြင်းကို ပိုဆိုးစေသောကြောင့် ဖြစ်ပါတယ်)


 တစ်ခါမှ မစားဖူးသော အစားအစာကို စမ်း၍ စားကြည့်ခြင်း၊ တစ်ခါမှ မသုံးဖူးသော အလှကုန်ပစ္စည်းကို စမ်း၍ သုံးကြည့်ခြင်း ရှောင်ကြဉ်ရပါမည် (ဓာတ်မတည့်ခြင်းဖြစ်ပါက ထိုအရာများကြောင့်လား၊ ကာကွယ်ဆေး‌ကြောင့်လား ခွဲခြားရခက်သောကြောင့် ဖြစ်ပါတယ်)


#ကာကွယ်ဆေးထိုးပြီးချိန်တွင်


 ဆေးထိုးပေးသည့် ကျန်းမာရေးဌာန၌ မိနစ် ၃၀ မျှ ထိုင်နေပြီး စောင့်ကြည့်ခံရန် လိုအပ်ပါသည်။ (ကာကွယ်ဆေးနှင့် ဓာတ်မတည့်ခြင်းလက္ခဏာများဖြစ်သည့် သွေးပေါင်ချိန်ရုတ်တရက်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ခန္ဓာကိုယ်အနှံ့ယားယံခြင်း၊ အနီကွက်ထခြင်း၊ မျက်နှာရောင်ကိုင်းခြင်းစသည်တို့ ပေါ်ပေါက်ပါက အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန် ဖြစ်ပါတယ်)


 ကာကွယ်ဆေးထိုးသည့် နေရာကို မရောင်ကိုင်းစေရန်နှင့် နာကျင်မှုလျော့စေရန် ရေခဲအုံပေးနိုင်ပါသည်။


 လိုအပ်ပါက တစ်ရက် နှစ်ရက်မျှ နေအိမ်တွင် ကောင်းစွာ အနားယူပါ။ အိပ်ရေးဝအောင် အိပ်ပါ။


 ပြင်းထန်သော ကိုယ်ကာယလေ့ကျင့်ခန်းများ (ဥပမာ - ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ အလေးမခြင်း၊ ဘောလုံးကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘော်လီဘောပုတ်ခြင်းစသည်) နှင့် အားစိုက်ထုတ်ရသော အလုပ်များကို ကာကွယ်ဆေးထိုးပြီး ၇ ရက်အတွင်း ရှောင်ကြဉ်ပါ။


 


Q- ကိုယ်ဝန်ဆောင် နဲ့ Covid vaccine အကြောင်း အသေးစိတ် သိချင်ပါတယ်။ WHO က ဘယ် vaccine ကို recommend လုပ်ပြီး မြန်မာ မှာ ဘယ်မှာ ထိုးလို့ရပါသလဲ။

Ans- #ကိုယ်ဝန်ဆောင်မိခင်များသည် ကိုဗစ်ရောဂါဖြစ်ပွားပါက ရောဂါပြင်းထန်မှုဖြစ်ပေါ်နိုင်ခြင်းနှင့် ကိုယ်ဝန်နှင့်ဆက်စပ်သော နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ခြင်းတို့ကြောင့် ဦးစားပေးထိုးနှံသင့်ကြောင်း ပညာရှင်များက အကြံပြုထားပါတယ်။ သို့ရာတွင် ကာကွယ်ဆေးအများစု၌ ကိုယ်ဝန်ဆောင်များအတွက် စိတ်ချရသော သုတေသနအချက်အလက်များ မရရှိသေးသဖြင့် ကိုယ်ဝန်ဆောင်များကို ထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် ကိုဗစ်ကူးစက်ခြင်းရှိပါက ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများကို နှိုင်းဆကာ ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်၍ ထိုးနှံရမှာ ဖြစ်ပါတယ် ။    


ယခုအချိန်အထိ လူအများစုသုံးစွဲရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက #အသိအမှတ်ပြုထားသောကာကွယ်ဆေးများမှာ ဗြိတိန်နှင့်အိန္ဒိယနိုင်ငံတို့မှ ထုတ်လုပ်သော Covishield, ဗြိတိန်မှထုတ်လုပ်သော AstraZeneca, အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော Pfizer/Bion Tech, Moderna, Janssen, တရုတ်နိုင်ငံမှ ထုတ်လုပ်သော Sinopharm (Beijing Institute of Biological Products Co-Ltd), Sinovac တို့ဖြစ်ပါတယ်။


၎င်းတို့ထဲမှ AstraZeneca/Covishield နှင့် Janssen တို့၌ သွေးခဲခြင်းဆိုင်ရာ အနည်းငယ်သော ဘေးထွက်ဆိုးကျိုးများရှိကြောင်း ဆိုပါတယ်။ Sinopharm နှင့် Sinovac တို့၌ ကိုယ်ဝန်ဆောင်များပေါ်တွင် သုတေသနပြုလုပ်ထားသည့် ကာကွယ်ဆေး၏ အာနိသင်များနှင့် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်သည့် အချက်အလက်များ မပြည့်စုံသေးသဖြင့် ကောင်းကျိုး၊ ဆိုးကျိုးများကို နှိုင်းဆကာ ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်၍ ထိုးနှံကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ AstraZeneca/Covishield တွင်လည်း ကိုယ်ဝန်ဆောင်ဆိုင်ရာ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်သည့် အချက်အလက်များ မပြည့်စုံသေးသဖြင့် ရောဂါကူးစက်မှု အန္တရာယ်များသည့် ကိုယ်ဝန်ဆောင်များ (ဥပမာ-ကျန်းမာရေးဝန်ထမ်းများ)၊ ရောဂါကူးစက်ပါက ပြင်းထန်နိုင်သည့် အခြားရောဂါရှိသူများ၌သာ ဆေးမထိုးမီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ထိုးနှံသင့်ကြောင်း ဆိုပါတယ်။ Pfizer/Bion Tech, Moderna ဆေးတို့အတွက်မူ ယခုအခါ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သည့် အချက်အလက်များ ပိုမိုစုဆောင်းလာနိုင်ပြီး ကြီးမားသောဘေးထွက်ဆိုးကျိုးများ မတွေ့ရှိရကြောင်း သိရပါတယ်။


Q- Covishield ကိုဒုတိယတကြိမ် ထိုးရမဲ့ရက်ထက်ကျော်လွန် ပြီးမှထိုးရင် အစကနေပြန်စပြီး နှစ်ကြိမ်ပြည့်အောင် ပြန်ထိုးရမှာလား။ COVISHIELD ကိုသုံးကြိမ်ထိုးမိရင်ကော ဆိုးကျိုးရှိပါလား။

Ans- ကာကွယ်ဆေး၏ အာနိသင်အပြည့်အဝရရှိရန် သတ်မှတ်ထားသော အချိန်အပိုင်းအခြားအတွင်း အကြိမ်ပြည့်ထိုးရန် လိုအပ်ပါတယ်။ Covishield ကာကွယ်ဆေးကို ၄ ပတ်မှ ၈ပတ်အတွင်း ဒုတိယအကြိမ်ထိုးရန် သတ်မှတ်ထားပြီး ၁၂ ပတ်အထိ ဒုတိယအကြိမ်ကို ထိုးနိုင်ကြောင်း အကြံပြုထားပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် အကြံပြုထားသော အချိန်ကို ကျော်လွန်သည်အထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနိုင်ခြင်း မရှိပါက ကာကွယ်ဆေးကို အကြိမ်ပြည့် ပြန်လည် ထိုးနှံသင့်ပါတယ်။ အထက်ဖော်ပြပါ အခြေအနေကဲ့သို့ Covishield ၃ ကြိမ်ထိုးခြင်းမျိုးတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍ လေ့လာထားခြင်းမျိုးတော့ မရှိသေးပါ။


Q- Hemoglobin နည်းတဲ့သူ၊ သွေးအားနည်းတတ်တဲ့သူတွေရော ထိုးလို့ရလား။

Ans- ထိုးလို့ရပါတယ်။ သို့ရာတွင် ရိုးတွင်းခြင်ဆီအားနည်း၍ဖြစ်သော သွေးအားနည်းရောဂါအတွက်မူ ကာကွယ်ဆေးပေါ် ခန္ဓာကိုယ်၏ တုံ့ပြန်မှုများ လျော့နည်းနေနိုင်သဖြင့် ကာကွယ်ဆေးအာနိသင် အပြည့်အဝ မရရှိခြင်းများ ကြုံတွေ့နိုင်သောကြောင့် ကုသပေးသူ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။ ထို့အပြင် ကာကွယ်ဆေးထိုးပြီးပါကလည်း ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ရန် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် မက်စ်တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ ခပ်ခွာခွာ ၆ ပေခြားနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ခြင်းစသည်တို့ကို မဖြစ်မနေ လိုက်နာရမှာ ဖြစ်ပါတယ်။




Credit- ကိုဗစ်-၁၉ ဗဟုသုတစင်တာ




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18